Sunday, December 15, 2013

၂၀၁၅ အလွန် အကျပ်အတည်းများ

( ဒီနေ့ထုတ် the Voice daily သတင်းစာ ဆောင်းပါးပါ။ )

တစ်ကယ်တော့ ၂၀၁၅ အလွန်မှာ ကြုံတွေ့နိုင်တဲ့ သန်းခြောက်ဆယ်ရဲ့ အကျပ်အတည်းဟာ
အဲဒီအချိန်ကျမှ ရုတ်တရက်ပေါ်လာနိုင်တဲ့ ပြသနာများမဟုတ်ဘဲ ပြီးခဲ့တဲ့ နှစ်ပေါင်း ခြောက်ဆယ် မြန်မာနိုင်ငံရေးသမိုင်းမှာ လုံးဝ အခြေခံပါတယ်။ ပါလီမန်ခေတ် မြန်မာ့နိုင်ငံရေးပြသနာများနဲ့ အထူးသဖြင့် နှစ်၅၀ အမှောင်ခေတ်ရဲ့ဆိုးကျိုးများကြောင့် ဒီမိုကရေစီ သို့ အကူးအပြောင်းမှာ ရင်ဆိုင်ဖြေရှင်းရမယ့် အခက်အခဲများသာ ဖြစ်ပါတယ်။ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ အဲဒီအကျပ်အတည်းများကို ပြေလည်အောင်ဖြေရှင်းဖို့နဲ့ ဒီမိုကရက်တိုက်ဇေးရှင်း ဆက်လက် တည်တံ့ နိုင်ဖို့အတွက် လွန်စွာအရေးပါနေတာ တွေ့ရပါတယ်။


လစ်ဘရယ်လိုက်ဇေးရှင်းကာလလို့ပြောနိုင်တဲ့ အခု ရွေးကောက်ခံအစိုးရသစ် ပထမ
ငါးနှစ်သက်တမ်းဟာပြသနာတွေ၊ စိန်ခေါ်မှုတွေ များစွာကြုံတွေ့နေရသော်ငြား ၂၀၁၅အလွန်
ဒုတိယမြောက် အစိုးရသစ်ကိုနိုင်ငံသစ်တည်ဆောက်ရေး လက်ဆင့်ကမ်းပေးနိုင်ဖို့က
တော်တော်ကြီးသေချာနေပြီလို့ဆိုနိုင်ပါတယ်။ လက်ရှိအစိုးရက လမ်းကြောင်းပြောင်း သွားနိုင်လောက်တဲ့ စိန်ခေါ်မှုတွေကိုေ ကျာ်လွှားနိုင်ခဲ့ပါတယ်။ ကျန်သေးတဲ့နှစ်နှစ်ကာလမှာ နောက်ထပ် အခက်အခဲတွေေ ပ်ါလာဖို့ရှိနေသေးပေမယ့် ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အားလုံးရဲ့ အာရုံစိုက်မှုနဲ့ မျှော်လင့်ချက်များဟာ ၂၀၁၅ ဆီကိုပဲရောက်သွားတော့မှာ ဖြစ်တာကြောင့် အခုကြုံတွေ့ပြီးရသလောက် ခက်ခက်ခဲခဲဖြေရှင်းဖို့ လိုမယ်မဟုတ်တော့ပါဘူး။ ဒီတော့ အပြောင်းအလဲကို စတင်ခဲ့တဲ့ပထမဆုံးသောအစိုးရသက်တမ်းဟာချောချော မွေ့မွေ့နဲ့ အဆုံးသတ်နိုင်တော့မယ်လို့ ယျေဘူယျ ကောက်ချက်ကိုဆွဲနိုင်ပါတယ်။

ဒါပေမယ့် ဒုတ်ယမြောက် တာဝန်ယူရမယ့် အစိုးရနဲ့လွှတ်တော်များအတွက်ကတော့ အခု
ပထမ ငါးနှစ်ကာလထက် ပိုမိုကြမ်းတမ်းခက်ခဲမှာဖြစ်ပါတယ်။ အဲဒီအခြေအနေကို
ကြိုတင် တားဆီးဖို့မဖြစ်နိုင်သလောက်ရှိသလိုကြိုတင်တွက်ဆပြီး အဖြေရှာထားလို့လည်း မရနိုင်တာကြောင့်နိုင်ငံတော်နဲ့လူထုအတွက် ၂၀၁၅ အလွန်ကာလဟာ များစွာ ရေးကြီးပါကြောင်း
အထူးတလည်ဖော်ပြလိုရင်းဖြစ်ပါတယ်။

ဒုတိယမြောက် အစိုးရသက်တမ်းမှာ စိန်ခေါ်မှုတွေ ပိုကြီးမားဖို့ နဲ့ပြသနာတွေလည်း ပိုဖြေရှင်းရခက်ခဲဖို့ အတွက် အဓိက အကြောင်းရင်းကြီးနှစ်ခုရှိပါတယ်။

၁။NLDနဲ့တိုင်းရင်းသားပါတီများ( အပြတ်အသတ် ) landslideအနိုင်ရရှိနိုင်ခြင်း

၂။ ၂၀၁၅ အပေါ် လူထုမျှော်လင့်ချက်များအလွန်ကြီးမားခြင်းတို့ဖြစ်ပါတယ်။

လူထုဟာ လက်ရှိအချိန်အထိ အပြောင်းအလဲရဲ့အသီးအပွင့်ကို ထိထိရောက်ရောက်
ခံစားနိုင်ခြင်း မရှိသေးပါဘူး။ လွတ်လပ်ခွင့် တချို့နဲ့ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အနည်းငယ် ရရှိခဲ့ပေမယ့် အထူးသဖြင့် အခြေခံလူတန်းစားတွေအတွက် အသက်ရှူချောင်လောက်တဲ့ အနေအထားကိုမရောက်သေးပါဘူး။နောက်တစ်ခုက မူပြောင်း လူမပြောင်းအခြေအနေကို
မျှော်လင့်ချက်ရှိလာတာကတစ်ကြောင်း၊ လက်ရှိသမ္မတရဲ့ ရိုးသားကြိုးစားမှုကို လက်ခံ အသိအမှတ်ပြုတာကတစ်ကြောင်းကြောင့်သာ စိတ်ရှည်လက်ရှည်နဲ့ စောင့်နေကြတာဖြစ်ပြီး
၂၀၁၅ မှာ အတိုက်အခံတို့ကို ပုံအောဖို့လည်း ပြင်ဆင်ထားကြတာဖြစ်ပါတယ်။
တစ်နည်းအားဖြင့် မူပြောင်းတဲ့အပြင် လူပါပြောင်းဖို့ ရည်မှန်းထားကြတာဖြစ်ပါတယ်။ ဒီတော့ အတိုက်အခံပါတီကြီးနဲ့တိုင်းရင်းသားပါတီများဟာသေချာပေါက် အနိုင်ရကြမှာဖြစ်ပြီး လူထုကလည်း အဲဒီအတိုက်အခံတို့အပေါ်မျှော်လင့်ချက်အလွန်အကျွံထားနေကြတာကြောင့် ၂၀၁၅ အလွန်မှာ နိုင်ငံရေး၊စီးပွားရေး ပြသနာများကို ကြီးကြီးမားမားရင်ဆိုင်ကြုံတွေ့ကြရဖို့ကသေချာသလောက် ရှိနေပါတယ်။( လုံးဝ အပြတ်အသတ်အနိုင်မယူသင့်ဘူးလို့ အခြေအနေတစ်ရပ်မှာ ဆရာအောင်ထွဋ်
ပြောခဲ့ဖူးတာကို ဒီနေရာမှာအမှတ်ရမိပါတယ်။ )


၂၀၁၅ အလွန်မှာ ဘယ်ပါတီကပဲ အစိုးရဖွဲ့သည်ဖြစ်စေ၊ အဲဒီအိစိုးရဟာ လူထုရဲ့မျှော်လင့်ချက် တွေ ကိုအပြည့်အဝ ဖြည့်ဆည်းပေးနိုင်ဖို့ အခြေအနေတွေကအခုချိန်ထိ မရရှိသေးပါဘူး။ NLD ဟာ သေချာပေါက် လွှတ်တော်များကို အတိုင်းအတာကြီးကြီးမားမားလွှမ်းနိုင်မှာဖြစ်ပြီး အစိုးရဖွဲ့ခွင့် လည်းရဖို့ရှိနေပါတယ်။ ဒေါ်စုသာ လွှတ်တော်အကြီးအကဲ၊ ဒါမှမဟုတ် အစိုးရအကြီးအကဲဖြစ်လာခဲ့ရင် သေချာပေါက် အကျပ်အတည်းများကိုကြီးကြီးမားမားရင်ဆိုင်ရမှာပါ။ (လွှတ်တော် အကြီး အကဲဖြစ်နိုင်ခြေက များနေပါတယ်။အခြားသောအတိုက်အခံ နိုင်ငံရေးသမား တစ်ယောက် ကလည်းသမ္မတဖြစ်လာနိုင်ချေရှိပါတယ်။ ၅၉( စ )ကြောင့်ပါ။ )

၁။ လူထုရဲ့ လွတ်လပ်ခွင့်နဲ့ လူမှုဘဝမြင့်မားလိုမှု မျှော်လင့်ချက်များ

၂။တိုင်းရင်းသားတို့ရဲ့ တန်းတူညီမျှရေးအပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမျှော်လင့်ချက် များ ဟာ ဒေါ်စု ခေါင်းပေါ်ကျမယ့် ဝန်ထုတ်ဝန်ပိုးများဖြစ်လာပါလိမ့်မယ်။ အတိုက်အခံခေါင်းဆောင်ဆီကနေ
လိုလားချက်တွေ လိုအပ်ချက်တွေကို သေချာပေါက် ရမယ်လို့ လိုတာထက်ပိုပြီး မျှော်လင့်နေကြ ပါတယ်။ ဒေါ်စုအနေနဲ့က အဲဒီမျှော်လင့်ချက်တွေကို ငြင်းဆိုဖို့ခက်ခဲမှာဖြစ်သလို အပြည့်အဝ
ရရှိအောင်ဖြည့်ဆည်းပေးနိုင်ဖို့ကလည်းလွယ်ကူလှမယ်မဟုတ်ပါဘူး။


တိုင်းပြည်ကို ဦးဆောင်ဦးရွက်ပြုပြီး ဒီမိုကရေစီ ပီပြင်အောင်နဲ့ စီးပွားရေးအရ လူတန်းစေ့အောင် ဒုတိယမြောက်သက်တမ်း ငါးနှစ်အတွင်းဖြည့်ဆည်းပေးဖို့ အကောင်အထည်ဖော်ပေးဖို့ဆိုရင်
ဒေါ်စုတစ်ယောက်ထဲနဲ့ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ နိုင်ငံတော်ကို စီမံခန့်ခွဲတဲ့အလုပ်ဟာ Team Work
ဖြစ်တယ်ဆိုတာ အထူးပြောဖို့လိုမယ်မထင်ပါဘူး။ ဒေါ်စုမှာ Team ကောင်းကောင်း တစ်ခု လိုအပ်နေပါတယ်။ လောလောဆယ်မှာလည်း နှစ်နှစ်အတွင်ြး ဖည့်ဆည်းထားဖို့ ဘယ်လိုမှ မဖြစ်နိုင်တာတွေ့ရပါတယ်။နိုင်ငံတော်ကို ထိပ်ဆုံးကန အောက်ခြေအထိတာဝန်ယူခွင့်ရတဲ့အခါ ဒေါ်စုလည်းခက်ခဲနိုင်တာဖြစ်သလို လူထုလည်းကျပ်တည်းနိုင်ပါတယ်။


အခု စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ လက်ရှိအစိုးရရဲ့ Team က မကောင်းလို့ တိုင်းပြည်ကြုံတွေ့ နေရတဲ့ ပြသနာနဲ့ ၂၀၁၅ အလွန်မှာ ပေါ်ပေါက်လာမယ့် အခက်အခဲတွေက လုံးဝခြားနားမှာဖြစ်ပါတယ်။
လူထုရဲ့ မျှော်လင့်ချက်များမတူညီခြင်းကြောင့်ဖြစ်ပါတယ်။ ဒီမိုကရေစီကိုလည်း ဒေါ်စုက စံနှုန်းပြည့်သာစဉ်းစားတာဖြစ်လေတော့ ၂၀၁၅အလွန်မှာ အထူးသဖြင့် တိုင်းရင်းသားတို့က ဒေါ်စုဆီကနေ စံနှုန်းပြည့်ဒီမိုကရေစီကို သေချာပေါက်တောင်းဆိုကြမှာဖြစ်ပါတယ်။
အသိပညာရေချိန်ပြသနာ၊ နှစ်ပေါင်းခြောက်ဆယ် က ပျက်စီးယိုယွင်းလာတဲ့ စီးပွားရေး၊ လူမှုရေးအခြေအနေများ၊ ဖွံ့ဖြိုးတိုးတက်ရေးကို ချက်ချင်းတွန်းတင်လို့မရနိုင်တဲ့အခြေအနေ စတာတွေက ၂၀၁၅ အလွန်မှာ တာဝန်ယူမယ့်အစိုးရနဲ့ လွှတ်တော်တို့ကို ဘေးကျပ်နံကျပ် ဖြစ်စေမှာဖြစ်ပါတယ်။ တစ်ဖက်မှာ တပ်မတော်နဲ့ အတိုက်အခံတို့ ရင်ကြားစေ့ရေး တည်ဆောက်နေတဲ့ကိစ္စကလည်း ခရီးမရောက်နိုင်သေးလေတော့ တပ်မတော်နဲ့ လုံးလုံး ပတ်သက်မှုမရှိတဲ့ ပါတီကဖွဲ့မယ့် အစိုးရသစ်နဲ့ တပ်အကြား ဆက်ဆံရေးဟာ တော်တော်
သတိထားရမယ့်အနေအထားကိုရောက်လာတော့မှာဖြစ်ပါတယ်။နောက်အစိုးရသစ်အနေနဲ့
နိုင်ငံရေး စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေကို အခုလက်ရှိအစိုးရထက်ပိုပြီးခဲရာခဲဆစ် ရင်ဆိုင်ဖြေရှင်းရမှာလည်းဖြစ်ပါတယ်။


ပါလီမန်စနစ်မဟုတ်လေတော့ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ဆိုတာ ဥပဒေအရ မဖြစ်နိုင်ပါဘူး။ သမ္မတဖြစ်သူက ကက်ဘိနက်ဖွဲ့ရမှာပါ။ ကက်ဘိနက်ကို တခြားပါတီများက ပုဂ္ဂိုလ်များခန့်အပ်ဖွဲ့စည်းလို့ရပါတယ်။ ဒါပေမယ့် ဒါညွန့်ပေါင်းအစိုးရမဟုတ်ပါ။ ပါလီမန်စနစ် မဟုတ်တာကြောင့်ဖြစ်ပါတယ်။ သမ္မတ နဲ့ ဒုသမ္မတတွေဟာလည်း မတူညီတဲ့ပါတီများနဲ့ တပ်မတော်က အမည်စာရင်းတင်တဲ့ ပုဂ္ဂိုလ်တို့ ဖြစ်လာဖို့ရှိပြီး ဒါလည်းညွန့်ပေါင်းမဟုတ်ဘဲ
အခြေခံဥပဒေအရသာဖြစ်ပါတယ်။၂၀၁၅ အလွန် အကျပ်အတည်းများလျော့ပါးသင့် သလောက်လျော့ပါးဖို့အတွက်လောလောဆယ်လုပ်သင့်တဲ့အချက်တွေရှိပါတယ်။
ပြောရရင် ၂၀၁၅ မတိုင်ခင်မှာ များများစားစားမျှော်လင့်လို့မရနိုင်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးထက်တောင်မှ အရေးပါတဲ့ အချက်ဖြစ်ပါတယ်။ အတိုက်အခံတို့အနေနဲ့
ဒီအချက်တွေကို စိတ်ဝင်စားဖို့ သိပ်များများမမျှော်လင့်ပေမယ့်ဖော်ပြသင့်လို့ ဖော်ပြလိုက်ပါတယ်။

၁။ ဒေါ်စုအနေနဲ့ အနည်းဆုံးအဆင့်အနေနဲ့ လွှတ်တော်များကို လွှမ်းမိုးနိုင်တော့ မယ့် အများဆုံး အစိုးရဖွဲ့နိုင်တော့မယ့် ပါတီရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရွေးကောက်ပွဲမတိုင်ခင်
နှစ်နှစ်တာကာလမှာ ပြည်တွင်းက နိုင်ငံရေးကိစ္စများနဲ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးကိစ္စများကို နိုင်ငံတကာမှာ သွားရောက်လုပ်ကိုင်နေတဲ့ကိစ္စများထက် အများကြီးပိုပြီး အလေးအနက် ထားသင့်
အာရုံစိုက်သင့်တဲ့အချိန်ကိုရောက်နေပြီဖြစ်ပါတယ်။ ၂၀၁၅ အလွန်မှာသေချာပေါက် အနိုင်ရမယ့် ပါတီဟာ အခြေအနေအရပ်ရပ်ကို အကောင်းဆုံးအနေအထားရနေဖို့ လုပ်နိုင် သလောက်အစွမ်းကုန်
ဆောင်ရွက်ထားသင့်ပါတယ်။

၂။အပစ်အခတ်ရပ်စဲရေးနဲ့ငြိမ်းချမ်းရေးကိစ္စများဟာလည်း ၂၀၁၅ အလွန်ကာလအတွက်
အထူး အရေးပါတဲ့ အတွက် စစ်မှန်တဲ့သဘောဆန္ဒနဲ့ နိုင်ငံရေးနယ်ပယ်မှာ ကျင်လည် နေကြသူအားလုံးက အခုထက် အားသွန်ခွန်စိုက် ပါဝင်ကြိုးပမ်းမယ်ဆိုရင် ၂၀၁၅ အလွန်မှာ နိုင်ငံတည်ဆောက်ရေးလမ်းကြောင်းက ချော်ထွက်မသွားဖို့ အများကြီးအထောက်အကူ ရစေမှာဖြစ်ပါတယ်။

၃။ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးရန်ကိစ္စကို အခြေခံပြီး အားလုံးပါဝင်တဲ့
နိုင်ငံရေးဆွေးနွေးပွဲတစ်ခုကို ကျင်းပနိုင်ဖို့အားလုံးကကြိုးပမ်းသင့်ပါတယ်။ အဲဒီနိုင်ငံရေး ဆွေးနွေးပွဲမှာ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ ပါဝင်ရမှာဖြစ်ပေမယ့် အဓိကဖြစ်သင့်တာက ၂၀၁၅အလွန်နိုင်ငံတော်တည်ငြိမ်ရေးဖြစ်ပါတယ်။ အစိုးရဖွဲ့စည်းရေးကို လက်ရှိအာဏာရပါတီ၊
အတိုက်အခံပါတီကြီး၊ တိုင်းရင်းသားပါတီများအပါအဝင် ပါတီအားလုံးကညှိနှိုင်းဆွေးနွေး သင့်ပါတယ်။ အထူးသဖြင့် အာဏာရပါတီကြီးနဲ့ အတိုက်အခံပါတီတို့ အစိုးရဖွဲ့စည်းရေးယေဘူယျ သဘောတူညီမှု ( consensus ) တစ်စုံတစ်ရာ ရယူထားနိုင်ရင် အခုဒီဆောင်းပါးမှာအဓိက ပြောချင်တဲ့ ၂၀၁၅ အလွန်အကျပ်အတည်းများဆိုတာရှိလာတော့မှာမဟုတ်တာ သေချာပါတယ်။ ( ဒါပေမယ့် အနိုင်ရဖို့သေချာသလောက်ရှိနေတဲ့ အတိုက်အခံပါတီကြီးအနေနဲ့လည်း ဒီလို consencus မျိုးကို စိတ်ဝင်စားလာနိုင်ဖို့အခွင့်အလမ်းဟာလည်း အလွန်တရာနည်းပါးလှတာကြောင့် ၂၀၁၅ အလွန်မှာ ဒီမိုကရေစီတည်ဆောက်ရေး လုပ်ငန်းစဉ်ကြီးကို ခြိမ်းခြောက်မယ့် စိန်ခေါ်မှုတွေကို
ရှောင်လွှဲနိုင်ဖို့ ရာလည်း မျှော်လင့်ချက်နည်းပါးလှပါတယ်။

၎။ ၂၀၁၅ အလွန်လွှတ်တော်များမှာ အနိုင်ရအတိုက်အခံအမတ်များနဲ့ တပ်မတော်သား
လွှတ်တော်အမတ်များ အကောင်းဆုံးလုပ်ဖော်ကိုင်ဖက်တွေဖြစ်ဖို့ ဘယ်လိုလုပ်ကိုင် ဆောင်ရွက်ရင် အကောင်းဆုံးဖြစ်မယ်ဆိုတာ အခုကတည်းက ကြိုတင်ပြင်ဆင်သင့်ပါပြီ။ တပ်မတော်သား ကိုယ်စားလှယ်များကို ၂၀၁၅ ဒုတိယ လွှတ်တော်သက်တမ်းကာလအတွင်းမှာ လွှတ်တော်ထဲက ဖယ်ရှားရေးကိစ္စကိုလောလောဆယ်မစဉ်းစားသေးဘဲ အလုပ်အတူတူလုပ်ဖို့ ကြိုတင် ပြင်ဆင်ခြင်းက
နှစ်ဦးနှစ်ဖက် အကျိုးများနိုင်ပါလိမ့်မယ်။


၂၀၁၅ အလွန်မှာ အတိုက်အခံတို့က ( ၅၉ (စ ) ကိုမပြင်ဆင်နိုင်ဘဲ ) အနိုင်ရတဲ့အခါ သမ္မတလောင်း အဖြစ် လက်ရှိသမ္မတကို အနိုင်ရအတိုက်အခံပါတီကnominate လုပ်ဖို့ များပြောခဲ့ရင် အားလုံးက
ဝိုင်းပြီးလှောင်ပြောင်ကြမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရက်တိုက်ဇေးရှင်းဟာ လမ်းကြောင်းပေါ်မှာပဲ
တည်တည်ငြိမ်ငြိမ်ဆက်ရှိနေဖို့ဆိုရင် ဒီအချက်ဟာ option တွေထဲက စဉ်းစားသင့်တဲ့ တစ်ချက် ဖြစ်တယ်လို့ယူဆပါတယ်။ ဦးနှောက်အလုပ်ပေးဖို့ အလွန်ကောင်းတဲ့ Option မို့ ဘယ်သူမှ
ရွေးမယ့် နည်းလမ်းမဟုတ်ပေမယ့် ဖော်ပြလိုက်ပါတယ်။ အတိုက်အခံတို့ဘက်မှာ လက်ရှိ အနေ အထားအရ ဒေါ်စုကလွဲရင် သမ္မတလောင်းအဖြစ် အမည်စာရင်းတင်ဖို့ ထင်းကနဲ လင်းကနဲ မြင်သာတဲ့ပုဂ္ဂိုလ် တစ်ယောက်တစ်လေမျှ မမြင်မိသေးကြောင်းဖော်ပြလိုပါတယ်။ ဒါဟာ အတိုက်အခံတွေ ဒေါ်စုကလွဲရင် ဘယ်သူမှအရည်အသွေးမမီဘူးလို့ပြောလိုခြင်းမဟုတ်ဘဲ အရည်အသွေးအပြင်သြဇာလွှမ်းမိုးနိုင်မှု လူထု၊ ချစ်ခင်လေးစားမှု အစရှိသော အသွင် ကူးပြောင်းရေး ကာလအတွက် အခြားအရေးပါတဲ့အချက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်တယ်လို့ ယူဆသောကြောင့်သာဖြစ်ပါတယ်။( လက်ရှိအာဏာရပါတီဘက်မှာလည်း ဦးသိန်းစိန်က လွဲရင် လူထု
တလေးတစားလက်ခံလောက်တဲ့ပုဂ္ဂိုလ် မရှိသလောက်ရှားပါတယ်။သူရဦးရွှေမန်းလည်း
ပါတီကျောထောက်နောက်ခံနဲ့ဆိုရင် ပါတီကိုယ်နှိုက်ကနိုင်ဖို့အခွင့်အလမ်း နည်းနေတာကြောင့် မျှော်လင့်ချက် နည်းလွန်းပါတယ်။ )


ဒါပေမယ့် ဆောင်းပါးအစပိုင်းမှာ ပြောခဲ့သလိုပါပဲ။ တပ်မတော်ရဲ့နိုင်ငံရေးအခန်း ကဏ္ဍက ၂၀၁၅ အလွန်ကာလအတွက် အရေးပါနေတာတွေ့ရပါတယ်။ ဒီနေရာမှာလည်း၂၅ ရာခိုင်နှုန်းကို အလျင်အမြန်ဖယ်ရှားရေးကို လုပ်မယ်ဆိုရင် အလေးအနက်ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်ဖြစ်ပါတယ်။ လက်ရှိဒီမိုကရေစီနဲ့မကိုက်ညီသေးတဲ့အခြေခံဥပဒေသည်လည်းကောင်း ၊ အခြေခံဥပဒေအရတပ်မတော်ရဲ့ ကဏ္ဍသည်လည်းကောင်း ဒီမိုကရေစီချောချောမောမော ပေါ်ထွန်းရေးအတွက်တစ်စိတ်တစ်ပိုင်းအရေးပါနေတဲ့အပြင် အခြေခံဥပဒေနဲ့ တပ်မတော်ကပဲ
သန်းခြောက်ဆယ်သောလူထု ရင်ဆိုင်ကြရမယ့်အခက်အခဲများကို ကျော်လွှားနိုင်ဖို့၊ အတိုက်အခံတို့ကပါ အားပြုသင့်တဲ့အနေအထားဖြစ်လာနိုင်ရုံမကဘဲ ဒီမိုကရေစီခိုင်မာစွာ ပေါ်ထွန်းတည်တံ့နိုင်ရေး အတွက်တစ်နည်းတစ်လမ်းအာမခံချက်ဖြစ်နေပါကြောင်း
( လက်မခံနိုင်သူ အများအပြားရှိမှန်းသိလျက်နဲ့ပဲ ) အားလုံးကို လေးစားစွာတင်ပြလိုက် ရပါတယ်။ ။


ပိုက်တင်

No comments:

Post a Comment