Sunday, December 15, 2013

အလေးနက်ထားကြရမည့် ပြုပြင်ပြောင်းလဲရေး သင်ခန်းစာများ

နေယွန်းအိမ်

ဆိုဗီယက် အင်ပါယာကြီး ပြိုကျခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ပြီဖြစ်သည်။ ကမ္ဘာမြေ၏ ခြောက်ပုံတစ်ပုံ ကျယ်ပြန့်ခဲ့သော ယင်းအင်ပါယာကြီး ခြေကုန်လက်ပန်းကျ ကွယ်ပျောက် သွားခဲ့သည်မှာ အံ့ဖွယ်ပင်။ ဆို ဗီယက်အင်ပါယာကြီးမှ မွေးဖွားလာသော ၁၅ နိုင်ငံမှာလည်း အင်ပါယာကြီးပြိုကျပြီးကတည်းက ကိုယ့် လမ်းကိုယ်လျှောက်ပြီး စနစ်သစ်တွေ ဖောက်ခဲ့ရသည်။ စနစ်တွေ ပြောင်းလဲခဲ့ကြသည်။ ဒီအထဲကပိုလန်၊ ဟန်ဂေရီနှင့် အက်စတိုးနီးယားတို့မှာဖြစ်တဲ့ အပြောင်းအလဲကတော့ မဆိုးလှ။ တိုးတက်သော စီးပွားရေး စနစ်နှင့် တည်ငြိမ်စပြုသော ဒီမိုကရေစီစနစ်ကို ခြေချမိသည်။ သို့သော် ရုရှလိုနိုင်ငံမျိုးကတော့ ကွန်မြူ နစ်လက် ကျန် လက်ဝါးကြီးအုပ်ချင်သော အာဏာ ရှင်စနစ်နှင့် အမူးအမောမပြေနိုင်သေး။ 


အာဏာရှင် ဆန်ဆန်အုပ်ချုပ်ဖို့ တစ်ချိန် လုံးကြိုးစားနေသည့် သမ်္မတပူတင် လက်အောက်တွင် ဒီမိုကရေစီ ဆိုသော် လည်း တကယ်ကတော့ ရုပ်ဖျက်ထားသော အာ ဏာရှင်ဆန်ဆန်စနစ်ပင် ဖြစ်နေသည်။ အတိုက်ခံများ ကိုထောင်ချသည်။ သ တင်းစာ လွတ်လပ်ခွင့်လည်း မရရှိပေ။ ထို့ကြောင့်လည်း ဒီမိုကရေစီမဟုတ်သော ဒီမိုကရေစီ ဖြစ်နေသည်။ ကျွန်တော်တို မြန်မာနိုင်ငံကဲ့သို့ အသွင်ပြောင်းစနိုင်ငံ အနေဖြင့် သူတို့ဆီက လေ့လာသင်စရာ တွေရှိသည်။ အရှေ့ဥရောပနှင့် တောင် အာဖရိကမှ သူတို့ ဖြတ်သန်းရင်ဆိုင်ရ သည့် ပြောင်းလဲကာစ နိုင်ငံရေး အရွေ့ အချို့ကို မိတ်ဆက်ပေးချင်သည်။


ဈေးကွက်အလုပ်ဖြစ်ရေးအတွက် ထိ ရောက်သောဥပဒေတစ်ရပ် လိုအပ်သည်


အပြောင်းအလဲဖြစ်နေသော နိုင်ငံတစ်ခုအနေဖြင့် ဈေးကွက်တွင် ဈေးနှုန်း များထိန်းချုပ်ခြင်းနှင့် ထောက်ပံ့ကြေးအများအပြား ပေးမှုများကို ဖယ်ရှားပြီး၊ ငွေ ကြေး ပြုပြင်ပြောင်းလဲလွယ်ခြင်းနှင့် ဈေးကွက်အင်အားစုများကို ထိထိ ရောက်ရောက်၊ လျင်လျင်မြန်မြန် အလုပ်လုပ်နိုင်ရန်နှင့် မလိုလားအပ်သော ဥပဒေများကိုလျင်မြန်စွာ ဖယ်ရှားပစ်ရမည်။ ပြုပြင် ပြောင်းလဲမှုများက ဈေးကွက်အတွင်းရှိ ရောင်းလိုအား၊ ၀ယ်လိုအား သဘောမှ အကျိုးကျေးဇူးများ ရရှိကြောင်းကို ဖော် ပြနိုင်ရမည် ဖြစ်သည်။ ထို့အပြင် အာဏာ ရှင်စနစ်၏ လစ်ဟာ ချက်များကိုလည်း လျင်မြန်စွာ အဆုံးသတ်စေရမည်။ မူဝါဒ ဘောင်အသစ်က အလုပ်ဖြစ်လွယ်သော အင်စတီကျူးရှင်းများကိုလည်း ဖော်ဆောင် ပေးရမည်။ ချက်ကိုစလိုဗားကီးယား၊ ရုရှ နိုင်ငံနှင့် အရှေ့ဥ ရောပ ဆိုဗီယက်အဖွဲ့ ၀င်ဟောင်းနိုင်ငံများတွင် ပုဂ္ဂလိကပိုင် ပြုလုပ်ရာတွင် ပြေစာစနစ်ဖြင့် တက်သုတ် ရိုက် အကောင်အထည်ဖော်ခြင်းကြောင့် ကျဆုံးခဲ့ရသည်။


စာရွက်များကို လက်ဆင့်ကမ်း လွှဲ ပြောင်းရုံဖြင့် တကယ့်ပိုင်ရှင်အစစ်ကို မွေးထုတ်နိုင်သည် မဟုတ်ပေ။ ပိုဆိုးတာ က ပုဂ်္ဂလိကပိုင်ပြုလုပ်ရေးကို လျင်မြန်စွာ အကောင်အထည်ဖော်ခြင်း၏ ရလဒ်ကတော့ လာဘ်စားမှုအလွန်အကျူးဖြစ် လာခြင်းနှင့် စီမံခန့်ခွဲမှုအမှားများ ဖြစ်ပေါ်လာခြင်းပင် ဖြစ်သည်။ ထို့ကြောင့် လည်း လုပ်ငန်းအဆင့်ဆင့်တွင် အကျပ် အတည်းများ ဆိုက်လာရသည်။ နိုင်ငံများ၏ ပြုပြင်ပြောင်းလဲရေး တွင် အဓိကကျဆုံးမှုမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှု များက အမီမလိုက်နိုင်ခြင်းပင်ဖြစ်သည်။


အရပ်ဘက်အဖွဲ့အစည်းများ အားကောင်းဖို့လိုသည် အရပ်ဘက် အဖွဲ့အစည်းများသည် ပြုပြင်ပြောင်းလဲ ရေး အောင်မြင်မှုအတွက် အခရာ ဖြစ်သည်။ အစိုးရများအနေဖြင့် ကောင်းမွန်သော ရည်ရွယ်ချက်များ ရှိသော်လည်းအာဏာကို စနစ်တကျ ထိန်း ကျောင်းခြင်းမရှိပါက ဖောက်ပြန် တတ်သည်။ ဖွဲ့စည်းပုံအခြေ ခံဥပဒေက အစိုးရ ကို ထိန်းကျောင်းသည်ထက် ဘာသာရေး၊ ဒေသဆိုင်ရာ၊ အမျိုးမျိုးသော အရပ်ဘက် လူ့အဖွဲ့အစည်းများက အစိုးရကို ပိုမိုထိ ရောက်စွာ ထိန်းကျောင်းနိုင်သည်။ ရုရှတွင် စတာလင်ဝါဒီများ ကြောင့် ဖောက်ပြန်လာဘ်စားသော အရာရှိဆိုးများကို ထိန်းချုပ်နိုင်သော လွတ်လပ်သော အရပ်ဘက် အဖွဲ့အစည်းများမရှိခဲ့ပေ။ သို့သော်လည်း ပိုလန်တွင် အလုပ်သမားများ၏ သွေးစည်းညီညွတ်ရေး လှုပ်ရှား မှုများ ပေါ်ပေါက်ခဲ့သည်။ သွေးစည်းညီညွတ် ရေးပါတီဝင်များက အစိုးရဆိုး များအား လာဘ်စားမှုများ ရပ်တန့်ရန် ကြိုးစားခဲ့ သည်။ ကက်သလစ်ကျောင်းတော်ကဲ့သို့ ခိုင်မာအားကောင်းသော အဖွဲ့စည်းက လည်း အစိုးရကို တန်ပြန်နိုင်ခဲ့ပြီး ပိုလန် သွေး စည်းညီညွတ်ရေး လှုပ်ရှားမှုများမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။


ပထ၀ီနိုင်ငံရေး အရေးကြီးသည်

ဆိုဗီယက်အင်ပါယာ ပြိုကွဲသွားပြီးနောက် ဖြစ်ပေါ်လာသော နိုင်ငံတချို့သည် ဥရောပသမဂ္ဂနှင့် ပိုမိုနီးစပ် လာခဲ့ပြီး ယင်းသို့ နီးစပ်ခြင်းက ပြုပြင်ပြောင်းလဲ ရေးကို ပိုမိုအားကောင်းလာစေသည်။ ပိုလန်၊ ဟန်ဂေရီ၊ ချက်၊ စလိုဗက်ကီးယား နှင့် စလိုဗေးနီးယားနိုင်ငံတို့သည် တခြားဥရောပသမဂ္ဂ မ၀င်ထားသော နိုင်ငံများ နှင့်နှိုင်းယှဉ်ပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများ၊ ပို့ကုန် တင်ပို့တင်ရာတွင် လည်းကောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုး တက်အောင် လှုံ့ဆော်ရာတွင်လည်း အခြားနိုင်ငံများ ထက် ပိုမိုသာကြောင်း တွေ့ရသည်။ အမေရိကန် မှလုပ်ငန်းများ မက္ကဆီကိုသို့ သွားရောက်လုပ်ကိုင်ခြင်းနှင့် ဂျာမနီလုပ်ငန်းများ အိမ်နီးချင်းနိုင်ငံများသို့သွား ရောက် မြှုပ်နှံခြင်းကဲ့သို့ ဖြစ်သည်။



အပြောင်းအလဲကာလ မတည်ငြိမ်မှုများ နိုင်ငံရေးအစွန်းရောက်များနှင့် နေရာရှာသူများ


စနစ်တစ်ခု အပြောင်းအလဲ ဖြစ်လာပါက စနစ်ဟောင်းတွင် နေရာမရသူများက နေရာရှာ လာတတ်သည်။ လူ့အခွင့် အရေး၊ သဘာဝပတ်ဝန်းကျင်စသည့် ခေါင်းစဉ်များအောက်တွင် နေရာရှာသူများ ပေါ်ပေါက် လာတတ်သည်။ စနစ် သစ်တွင် အစိုးရ၏ မတည်ငြိမ်သော အုပ်ချုပ်ရေးကို လက်ညှိုးထိုးပြပြီး၊ အသံ ကျယ်ကျယ်အော်တတ်သည်။ တောင်အာဖရိက အပြောင်းအလဲဖြစ်စဉ်ကို ကြည့်လျှင်လည်း မင်ဒဲလား၏ အေအန်စီပါတီမှ မင်ဒဲလား၏ လူဖြူအစိုးရနှင့် ပူးပေါင်းသည်ကို မကျေနပ်သူများက တစ်ဖက်မှလူဖြူများ သဘောထားတင်းမာသူ များနှင့်ပူးပေါင်းကာ တိုင်းပြည်တွင် အကြမ်းဖက်လုပ်ရပ်များပြုလုပ် လာတတ် သည်။ ၁၉၉၃ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် အေအင်စီခေါင်းဆောင် Chris Hani ကို လူဖြူအစွန်းရောက် တစ်ဦးက သတ်ဖြတ်ခဲ့သည်ကို မကျေနပ်သောလူမည်းများက စုဝေးချီတက်ပြီး၊ စက်ရုံများကို မီးရှို့ဖျက် ဆီးခဲ့သည်။


မင်ဒဲလားက လူမည်းများ အေးဆေးတည်ငြိမ်စွာနေရန် မိန့်ခွန်းပြောကြားခဲ့သော်လည်း၊ နိုင်ငံရေး အစွန်း ရောက်သူ များ၏ လှုပ်ရှားမှုများက ရပ်တန့်မသွားခဲ့ ပေ။ ၁၉၉၃ ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်အတွင်း နိုင်ငံရေး အကြမ်းဖက်မှုကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ခဲ့ပြီး၊ ၁၉၉၄ ခုနှစ် စေ့စပ်ဆွေးနွေးရေးကာလအ တွင်း၌ပင် နိုင်ငံရေးအရ သေဆုံးသူစုစုပေါင်း တစ်သောင်း သုံးထောင်ကျော် ရှိနေခဲ့သည်။


သမိုင်း၏ အရိပ်

၁၉၈၉ ခုနှစ်ကို အိပ်မက်ဆိုးမှ လွတ် မြောက်လာသောနှစ်ဟု ယူဆရပါမည်။ ၁၉၈၉ ခုနှစ်သည် ကွန်မြူနစ်အုပ်ချုပ်ရေးကာလက မျိုသိပ်ထားခဲ့ရသော သမိုင်းအာဃာတတရားများ ရုန်းထလာသောကာလ လည်းဖြစ်သည်။ ယူဂိုဆလားဗီးယားပြည်ထောင်စု ပြိုကွဲမှုဖြစ်စဉ်ကို ကြည့်လျှင်လည်း ရာစုနှစ်နှင့်ချီပြီး ရှိခဲ့သော လူမျိုးရေးနာကြည်းမှုများသည် ခိုင်မာအားကောင်းသော တီးတိုးကဲ့သို့သော ခေါင်းဆောင် အောက်တွင် လက်တွဲကာ အတူနေထိုင်ခဲ့ကြသော်လည်း လူမျိုးရေး အာဃာတများကို မျိုချနိုင်ခဲ့သည် မဟုတ်ပေ။ ငုပ်နေခြင်းသာဖြစ်ပြီး နိုင်ငံရေး၊ ခေါင်း ဆောင်စသည့် အပြောင်းအလဲများ ဖြစ် ပွားလာပါက ပြန်လည် ခေါင်းထောင်လာ တတ်သည်။ ထို့ကြောင့်လည်း ဆာ့ဘ်ခေါင်း ဆောင်မီလိုဆီဗစ် အုပ်ချုပ်မှု အောက်တွင် ယူဂိုဆလားဗီးယားသည် ဆာ့ဘ်များနှင့် ဘော့စနီးယားများ၊ ခရိုရေးရှား လူမျိုးများကြား အမုန်းမီးတောက်မှတစ်ဆင့် မီးတောက်ကြီး ထတောက်ခဲ့ခြင်း ဖြစ်သည်။


နိုင်ငံတကာအကူအညီများ လိုအပ်သည်

ဖွံ့ဖြိုးပြီးနိုင်ငံများမှ အကူအညီများ က ထိရောက်သောပြောင်းလဲမှုကို များ စွာ အကူအညီ ဖြစ်စေသည်။ ပိုလန်၏ ပြောင်းလဲမှုများကိုကြည့်လျှင် ပိုလန်ကို အနောက်နိုင်ငံများက ငွေကြေး အကူ အညီများပေးပြီး၊ အကြွေးလျော်ပေးခဲ့ သည်။ ရုရှ၏ ပြောင်းလဲမှုများတွင်တော့ ယခုကဲ့သို့ ဖြစ်မလာခဲ့ပေ။ အမေရိကန် နိုင်ငံရေးသမားများက နျူးကလီးယား ဒုံးကျည် ၁၀၀၀၀ ကျော်ရှိသော သူတို့၏ ရန်သူဟောင်းဖြစ်ခဲ့သူ တစ်ဦးအား အကူ အညီမပေးချင်ကြပေ။ လိုအပ်ချက်ကြီးမား သော ရုရှလိုနိုင်ငံမျိုးကို အကူအညီပေး ခြင်းက ရေပြည့်နေသော ပုံးထဲ ရေတစ် စက်ချခြင်းကဲ့သို့သာ ဖြစ်မည်ဟု ယူဆခဲ့ ကြသည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့က ကူညီရန်လာရောက်သော်လည်း ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်များ ရာထူးလက်မဲ့ ဖြစ်နေချိန်ဖြစ်ပြီး၊ ရုရှတွင် ဖောက်ပြန်သူများ အာဏာရနေပြီ ဖြစ် သည်။ ထို့ကြောင့် ရုရှသည် အာဏာရှင် စနစ်ဘက်သို့ ပြန်လည်ခေါင်းလည်ကာ ဖွံ့ဖြိုးမှု အရှိန်များလည်း ပြန်လည် ရပ် တန့်နေတော့သည်။


နိဂုံးချုပ်ရလျှင် မိမိတို့နိုင်ငံနည်းတူ ပြုပြင်ပြောင်းလဲရန် သမိုင်းအခြေအနေ အရ အခွင့်အရေးရခဲ့ကြပြီးမှ အောင်မြင် စွာ ပြုပြင်ပြောင်းလဲနိုင်ခဲ့သည့်နိုင်ငံများ၊ နာကျင်စွာ ပြုပြင်ပြောင်းလဲရန် ကြိုးစား ခဲ့ရသည့် နိုင်ငံများနှင့် ပြုပြင်ပြောင်းလဲရေး မအောင်မြင်သည့် နိုင်ငံများ၏ သမိုင်းရေး အဖြစ်အပျက်များမှာ မိမိတို့နိုင်ငံအတွက် တန်ဖိုးကြီးလှသည့် သင်ခန်းစာအဖြစ် မဖြစ်မနေ ယူကြရမည် ဖြစ်သည်။


Mizzima - News in Burmes

No comments:

Post a Comment