Wednesday, December 4, 2013

*** နောက်ကျသူ ***

စာရွက် တစ်ရွက်ကို ဆုတ်ဖြဲ လိုက်တော့
ဒီဇင်ဘာကို ငါတွေ့တယ် …။

နှင်းတွေ . . . နှင်းတွေ
မြေပြင်ပေါ် အလု အယက် ခုန်ဆင်း နေလိုက်ကြတာ
ကြောက်မက်ဖွယ် တစ်စုံတစ်ခုကနေ
ထွက်ပြေး လွတ်မြောက်ဖို့ ကြိုးစား နေကြ သလိုမျိုး။


ပျံလွှားငှက် တွေလည်း
အုပ်စုဖွဲ့ ပျံသန်း လာကြလေရဲ့ …။

ညည်းတွား သံသဲ့သဲ့
လေနှင့်အတူ မျောလွင့်လာတယ် ..
ကံကောင်းခွင့် မရရှာတဲ့
အဆိပ်သင့် မက်မုန်ပွင့် များအတွက်တော့
ဒီဆောင်းဟာ ..ခါးသက် နေရော့မယ် …။

ပြိုးပြိုး ပျက်ပျက် ..
ဆေးစက် ရောင်စုံချယ်သ
ပျော်စရာ ..ပွဲတော်ညများ
ဝတ်ရုံလွှာ ပါးပါး .. ဆံမျှင်စ ဖါးလျား
အနမ်းတို့ လန်းစွင့်ဝင့်ကြွား ..
အားလုံးလည်း မူးယစ်ရီဝေ ..
ခြေထောက်တွေ … ပျံသန်းနေလိမ့်မယ် …။

တစ်ချိန်က
အောင်မြင် ကျော်ကြားခဲ့တဲ့ ကောင်းကင်ကြီး တောင်မှ
မှုန်လို့မှိုင်းလို့ … ဒီဇင်ဘာ ဟန်ဆောင်လို့…။

ချစ်သူများရဲ့ ချိန်းဆိုထား တဲ့နာရီ
စေ့ရောက်ခဲ့ပြန်ပြီ …။
ဆွတ်ပျံ့ ဖွယ်ဂီတနဲ့
အေးစက်စက် ခရစ္စမတ်ည
လရောင် တစ်စွန်းတစ်စ ကျနေတဲ့
ဝက်သစ်ချ ပင်အိုကြီးရဲ့အောက်
ချစ်တဲ့သူရေ
ဒီနှစ်လည်း ..တစ်ယောက်တည်း
စောင့်မျှော်လွမ်း ရစ်ပေဦးတော့ …။

စာရွက်တစ်ရွက်ကို ဆုတ်ဖြဲပြီး
ဒီဇင်ဘာကို ငါမေ့မယ် …..။

တာရာမင်းဝေ

No comments:

Post a Comment