Monday, February 10, 2014

ကျွန်တော်နဲ့တက္ကသိုလ်အဆောင်များ


ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်

သတင်းစာ၊ ဂျာနယ်တွေမှာ ရန်ကုန်တက္ကသိုလ်က အဆောင်တွေပြန်ဖွင့်ပြီ၊ ကျန်တဲ့နေရာ တွေမှာလည်း ပြန်လည်ဖွင့်ဖို့ စီစဉ်နေကြပြီဆိုတဲ့ သတင်းတွေ ဖတ်ရတော့ သိပ်ဝမ်းသာမိပါတယ်။
        
အမှန်တော့ တက္ကသိုလ်နဲ့အဆောင်ဟာ ခွဲခြားလို့မရပါဘူး။ ခွဲခြားလို့ ကောင်းတဲ့ကိစ္စ လည်း မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ချိန်က နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ ပညာရေးကိုခုတုံးလုပ်ပြီး ဖြေရှင်းခဲ့လို့ အဆောင်စနစ်ကို ဖျက်ခဲ့ပါတယ်။ အဆောင်တွေ ရှိနေရင် ကျောင်းသား ကျောင်းသူတွေစုရုံးကြမယ်၊ ဒီလိုဖြစ်ရင် မလိုအပ်တဲ့ နိုင်ငံရေး ပြဿနာတွေပေါ်နိုင်တယ်၊ ဒါကြောင့် ပြဿနာမပေါ်အောင် အဆောင်စနစ်ကို ဖျက်လိုက် ဆိုပြီး ဆုံးဖြတ်ဆောင်ရွက်ခဲ့ပါတယ်။
         
ဒီလိုစီစဉ်ခဲ့တာဟာ သမိုင်းကိုမေ့ခဲ့တဲ့ လက္ခဏာတစ်ခုပါ။ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေဟာ ကျောင်းသားလူငယ်တွေက စတင်ခဲ့တာပဲဖြစ်ပါတယ်။ ကိုလိုနီခေတ်မှာ အာဏာရဗြိတိသျှ အုပ်ချုပ်မှုကို တက္ကသိုလ်က ကျောင်းသား ကျောင်းသူတွေဆန့်ကျင်ခဲ့ပြီး ဒီဆန့်ကျင်မှုတွေကို အဆောင်တွေက စခဲ့တာ။
         
သမိုင်းဝင်လှတဲ့ စစ်ကိုင်းဆောင်၊ ပဲခူးဆောင်၊ ရွှေဘိုဆောင်တွေဟာ ရန်ကုန် တက္ကသိုလ်ရဲ့ ခမ်းနားထည်ဝါလှတဲ့ ဝိုင်းထဲမှာ မားမားမတ်မတ် ရပ်တည်ခဲ့တယ်။ အမှန်တော့ ရန်ကုန်တက္ကသိုလ်ဟာ တစ်ချိန်က အရှေ့တောင်အာရှမှာ အလှဆုံး တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။ တက္ကသိုလ်ရိပ်သာ လမ်းမကြီးဟာလည်း ရိပ်သာလမ်းပီပီ၊ တစ်ဖက်တစ်ချက်မှာ အရိပ်ကောင်းလှတဲ့ သစ်ပင်ကြီးတွေက အစီအရီ၊ အဓိပတိလမ်းထိပ်က ကြည့်လိုက်ရင် လမ်းဆုံးမှာရှိတဲ့ ဘွဲ့နှင်းသဘင် ခန်းမကြီးကလည်း ကျက်သရေအပြည့်။ နံရံဆေးတွေ ပျောက်နေတာကိုက ထူးခြားမှုတစ်ရပ်။
         
အဓိပတိလမ်းမကြီးအတိုင်း ဝင်လာရင် ဆရာတွေနေတဲ့အိမ်၊ ပြီးတော့ အမျိုးသား အဆောင်တွေရှိတဲ့ဝိုင်း၊ နောက်ကျော်လိုက်ရင် တက္ကသိုလ် စာကြည့်တိုက်၊ စာကြည့်တိုက် အလွန်မှာ သိပ္ပံအဆောက်အအုံတွေက လက်ယာဘက်မှာရှိပြီး လက်ဝဲဘက်က ဝိဇ္ဇာ အဆောက်အအုံ။ ဘွဲ့နှင်းသဘင်ခန်းမရဲ့ နံဘေးမှာတော့ စီးပွားရေးတက္ကသိုလ်၊ ဒီတက္ကသိုလ် ဝင်းကြီးက အင်းလျားကန်နံဘေး၊ တက္ကသိုလ်လှေလှော်အသင်းရဲ့ အဆောက်အအုံကလည်း အင်းလျားကန်နံဘေးမှာ တည်ထားတာ။ ရန်ကုန်တက္ကသိုလ်ရဲ့ ပတ်ဝန်းကျင်ဟာ အခုလို သာယာလှသလို ပညာရှာဖွေမှုကို အထောက်အကူဖြစ်စေတဲ့ ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးနိုင်ခဲ့ပါတယ်။
         
နိုင်ငံခြားတက္ကသိုလ်ကြီးတွေမှာ အဆောင်စနစ်ကိုကျင့်သုံးကြတယ်။ Campus လို့ ခေါ်တဲ့ တက္ကသိုလ်အသိုက်အဝန်းက တက္ကသိုလ်တစ်ခုရဲ့ အနှစ်သာရပါ။ Campus Life လို့ခေါ်တဲ့ တက္ကသိုလ်အသိုက်အဝန်းရဲ့ဘ၀ဟာ လူငယ်တွေအတွက် တစ်သက်စာပြုစု ပျိုးထောင်ပေးတဲ့ စနစ်ကောင်း တစ်ခုဖြစ်ပါတယ်။ တက္ကသိုလ်တစ်ခုရဲ့အဆင့်အတန်းကို ဒီတက္ကသိုလ်ရဲ့ Campus  အသိုက်အဝန်းနဲ့ တိုင်းတာနိုင်မှာဖြစ်တယ်။ အဆောင်တွေ ဖျက်လိုက်တာဟာ တက္ကသိုလ်ရဲ့ရပ်တည်မှုကို ရိုက်ချိုးလိုက်တာဖြစ်တယ်။ ဦးတည်ချက်တစ်ခု တည်းကိုပဲ အာရုံပြုပြီး ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို လျစ်လျူရှုခဲ့တယ်။ ကျွန်တော် လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်က မုံရွာမြို့မှာရှိတဲ့ စီးပွားရေးတက္ကသိုလ်မှာ ဟောပြော ဆွေးနွေးပွဲ လုပ်ခဲ့တယ်။ ပြီးတော့ တက်လာတဲ့ကလေးတွေကို နှုတ်ဆက်ရင်း မင်းတို့ ဘယ်မှာ နေကြသလဲမေးတော့ အဆောင်မှာလို့ဖြေတယ်။ မင်းတို့အဆောင် ဘယ်မှာလဲလို့ ထပ်မေး တော့ ကားလမ်းနံဘေးမှာရှိတဲ့ အဆောက်အအုံတစ်ခုကို လက်ညှိုးထိုးပြတယ်။
         
အဆောင်လို့ပြောတာက လူနေအိမ်။ ကလေးတွေခမျာ ရရာနေရာကို နေကြရှာတယ်။ ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ လူမှုရေးပြဿနာပေါင်းစုံ တက်တော့တာပဲ။ ရန်ကုန်စီးပွားရေး တက္ကသိုလ်မှာ တက်နေကြတဲ့ ကလေးတွေကလည်း ဒီလိုဒုက္ခမျိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ သူနာပြုတက္ကသိုလ်က ကျောင်းသူတွေမှာ အဆောင်တွေရှိလျက်နဲ့ အဆောင်မှာမနေရဘဲ လမ်းဘေးက နေအိမ်တွေမှာ အဆင်သင့်သလို နေထိုင်ကြရတယ်။ အင်္ဂါရပ်နဲ့အညီ အဆောင်တွေ ပြန်လည်လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ရပါတယ်။ ဒါပေမယ့် ကျွန်တော် စဉ်းစားလို့မရတဲ့ ကိစ္စတစ်ခုက တစ်လောက အမျိုးသားဆောင် တစ်ခုဖြစ်တဲ့ သမိုင်းဝင် ရွှေဘိုဆောင်ကို ပြန်လည်ဖွင့်လှစ်တဲ့အခါ အမျိုးသမီးအဆောင်အဖြစ် ဖွင့်လှစ်မှာမို့ ကန့်ကွက် နေကြတာကို ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရတယ်။ ဘယ်စိတ်ကူးနဲ့ ဒီလိုလုပ်ကြတာလဲ။ သမိုင်းကို တန်ဖိုးမထားကြလို့လား။ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ရင်ထဲမှာ မေးခွန်းတွေက အများကြီး။
        
တက္ကသိုလ်အဆောင်လို့ပြောရင် အဆောက်အအုံကို ရည်ညွှန်းတာ မဟုတ်ပါဘူး။ အဆောင်မှာရင်းနှီးမှု၊ သည်းခံမှု၊ အပေးအယူရှိမှု၊ တစ်ဦးနဲ့ တစ်ဦးအပြန်အလှန် လေးစားမှု၊ စည်းကမ်းရှိမှု။ ဒါတွေဟာ ဘယ်လိုမှ တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေဖြစ်တယ်။ ငွေရေး၊ ကြေးရေးပေတံနဲ့ တွက်ချက်လို့ရနိုင်မှာမဟုတ်ပါဘူး။ အဆောင်မှာ ထမင်းစားတဲ့အခါ စနစ် တကျ ဇွန်း၊ ခက်ရင်းကိုင်ပြီး လေးယောက်အတွက် ချပေးထားတဲ့ဟင်း၊ ထမင်းတွေကို စားပွဲထိုးတွေက ဝန်ဆောင်မှုပေးတာဟာလည်း အဆောင်နေတဲ့ ကျောင်းသား ကျောင်းသူ တွေအတွက် အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။
         
ကျွန်တော်တက္ကသိုလ်တက်စဉ် အဆောင်မနေခဲ့ပါဘူး။ နေ့ကျောင်းသား ဖြစ်ခဲ့တယ်။ ဒါပေမယ့် အစ်ကိုတစ်ဝမ်းကွဲက မန္တလေးဆောင်မှာနေတော့ သူ့ဆီအမြဲသွားတာ။ အဆောင် ထမင်း၊ ဟင်းစားရတာကို သဘောကျခဲ့တယ်။ နည်းပြဆရာဖြစ်လာတော့ သမိုင်းမှာရှိတဲ့ အမျိုးသားအဆောင်တွေနဲ့ ပိုပြီး ရင်းနှီးခဲ့တယ်။ အထူးသဖြင့် ဆရာကြီးဦးမြတ်သိန်း အဆောင်မှူးလုပ်တဲ့ အုန်းတောဆောင်၊ ဆရာရဲ့ဇနီး ဒေါ်ညွန့်ညွန့်ရင်ကလည်း ကျွန်တော့်ရဲ ဆရာမ။ သူတို့နှစ်ယောက်နဲ့ရင်းနှီးပြီး အဆောင်ကို အမြဲရောက်တယ်။ အဆောင်မှာ အဆောင်မှူးရှိသလို ကျောင်းသားတွေစောင့်ရှောက်ဖို့ အဆောင်နည်းပြသုံးဦးလည်းရှိတယ်။ ကျွန်တော်က အုန်းတောမှာ စာမေးပွဲနီးတဲ့ရက်တွေမှာ ညဘက်မှာ စာသွားသွားသင်ပေးတယ်။ စေတနာနဲ့ လုပ်တဲ့ကိစ္စ၊ ဒါကြောင့်လည်း တပည့်တွေနဲ့ပိုပြီး ရင်းနှီးခဲ့တယ်။ စာသင်ပြီးလို့ အချိန်ရရင် သမိုင်းကနေလမ်းလျှောက်ပြီး မာလာဆောင်ကူး၊ အဆောင်ဘေးမှာ ထိုင်ပြီး ဂီတာတွေနဲ့ သီချင်းတွေဆိုကြ၊ အဆောင်သူတွေကလည်း ထွက်ကြည့်ကြတယ်။ မုန့်ပဲ သရေစာတွေကိုလည်း လှမ်းပေးကြတာ။ နှင်းဆီဆောင်လည်း ရောက်တယ်။
        
စာမေးပွဲနီးတော့ ပါမောက္ခချုပ်ရဲ့ တာဝန်ပေးချက်အရ ကျွန်တော် မာလာဆောင်သွားပြီး စာသင်ပေးရသေးတယ်။ အဆောင်နဲ့ပတ်သက်လာရင် အဆောင်ညစာစားပွဲကလည်း အမှတ်ရစရာတစ်ခုဖြစ်တယ်။ တစ်နှစ်တစ်ခါ ကျောင်းကြီးပိတ်ခါနီးကျင်းပတာ၊ အဆောင် ညစာစားပွဲမှာ ဖျော်ဖြေရေးအနေနဲ့ အဆောင်ကျောင်းသားတွေက ကကြခုန်ကြ၊ သီချင်းဆိုကြ၊
အငြိမ့်ကလည်း သိပ်ကောင်းတာ။ ဒါတွေလုပ်နိုင်တာ အဆောင်ကျောင်းသားတွေရဲ့ ပညာရေး သာမက အနုပညာပါရမီတွေကို မြေတောင်မြှောက်ပေးနိုင်ခဲ့တယ်။
        
အဆောင်ရှိတဲ့ အကျိုးကျေးဇူးက အားကစားမြှင့်တင်မှုပဲဖြစ်တယ်။ အားကစားကလည်း မျိုးစုံ၊ ဘောလုံး၊ လှေလှော်၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ် စသည့်အားကစားပေါင်းစုံကို အဆောင်လိုက်ယှဉ်ပြိုင်စေခဲ့တယ်။ ဒါကြောင့်လည်း တိုင်းပြည် အတွက် ထူးချွန်တဲ့ အားကစားသမားတွေ တက္ကသိုလ်က မွေးထုတ်ပေးနိုင်ခဲ့တယ်။ အဆောင်လိုက်ပြိုင်ပွဲတွေမှာ နေ့ကျောင်းသား ကျောင်းသူတွေကလည်း အသင်းတစ်သင်း အဖြစ် သီးခြားပါဝင်ခဲ့တယ်။ မြန်မာ့အားကစား မြှင့်တင်ဖို့အတွက် တက္ကသိုလ်၊ ကောလိပ် တွေရဲ့ အားကစားတွေနဲ့ အားကစားကို ပျိုးထောင်ဖို့လိုလိမ့်မယ်။ အားကစားလုပ်ရင် ပြဿနာ ပေါ်မှာစိုးတဲ့ စိုးရိမ်စိတ်ကြီးမှုကြောင့် အားကစားလည်းလုပ်ခွင့်မပြု၊ အဆောင်တွေလည်း မထားတော့တာမို့ အလွန်နစ်နာလှပါတယ်။
        
အဆောင်တွေ ပြန်လုပ်ပေးမယ်လို့ကြားရတော့ ဝမ်းသာရပေမယ့် နဂိုမူလပုံစံ ဖြစ်အောင်၊ ပိုကောင်းအောင် လုပ်ဖို့လိုလိမ့်မယ်။ ကျွန်တော် နိုင်ငံခြားပညာသင်အဖြစ် စုစုပေါင်း ကိုးနှစ်လောက်နေခဲ့တယ်။ ခြောက်နှစ်က အင်္ဂလန်၊ သုံးနှစ်က ဂျာမနီ၊ အဆောင် မှာပဲနေရတာ။ သူတို့ အဆောင်တွေက ပုံစံတစ်မျိုး၊ ကိုယ်ပိုင်အုပ်ချုပ်မှု အပြည့်ပေးထားတဲ့ အဆောင်တွေ၊ အဆောင်တွေမှာ ထမင်းမကျွေးဘဲ ကိုယ်တိုင်ချက်ပြုတ်ရတာ။ လိုအပ်တဲ့ ဝန်ဆောင်မှုတွေကတော့ လိုလေသေးမရှိအောင် ဖန်တီးပေးထားတယ်။
       
မြန်မာပြည်က အဆောင်တွေက စည်းကမ်းကြီးတယ်။ အမျိုးသမီး အဆောင်တွေဆို ည ၆ နာရီ တံခါးပိတ်ပြီ။ ဒီလိုကြပ်မတ်မှုကြောင့် မိဘတွေအနေနဲ့ မိမိရဲ့သမီးတွေအတွက် စိတ်အေးရတယ်။ အဆောင်တွေဖျက်ပြီး ကျောင်းသား ကျောင်းသူတွေကို ဖြစ်သလို ထားခဲ့တာမို့ မိဘတွေမှာ ဒုက္ခအတော်ရောက်ခဲ့ကြတာ။ ကုန်ကျစရိတ်တစ်ဖက်ကများပြီး လုံခြုံ
စိတ်ချမှုလည်းမရှိဘူး။ အဆိုးဆုံးက အဆောင်ဆိုတဲ့အနှစ်သာရ လုံးဝပျောက်ကွယ်သွားခဲ့ တာဟာ ဘာနဲ့မှအစားထိုးနိုင်မှာ မဟုတ်ပါဘူး။
        
တက္ကသိုလ်ပြုပြင်ပြောင်းလဲမှုကို လက်တွေ့ကျကျစဉ်းစားရင် နိုင်ငံတော်က စီစဉ် ဆောင်ရွက်နေသလို အဆောင်တွေကိုပြန်ပြီး ဖော်ဆောင်တာဟာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အခုလိုလုပ်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ မကိုင်တွယ်ရဲတဲ့ကိစ္စကို ရင်ဆိုင်ဖြေရှင်း တာကိုလည်း ချီးကျူးရမှာဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ပြုပြင်ပြောင်းလဲတာတွေ မျိုးစုံဆောင်ရွက် နေတဲ့ နေရာမှာ တက္ကသိုလ်အဆောင်များ ပြန်လည်ဖော်ထုတ်မှုဟာ “Quick-Win” မြင်သာထင်သာတဲ့ ကာလကို အောင်မြင်မှု တစ်ရပ်ဖြစ်ကြောင်း အသိမှတ်ပြုရမှာဖြစ်ပါတယ်။

မြန်မာ့အလင်းသတင်းစာ

No comments:

Post a Comment