Monday, February 10, 2014

“စံယူခံသူများ၏တာဝန်နှင့် မိုင်းဆက် သို့မဟုတ် ပုံစံကျ ပုံသေအတွေးအခေါ်နှင့်အမြင်”

ဒေါက်တာနေဇင်လတ်

Mindset ပြင်ဖို့ အရေးကြီးသည်ဟု ပြောသူတို့က ပြောကြသည်။ အလှမ်းဝေးသေး သူတို့ အနေဖြင့် ဘယ်လိုပြင်ရမည်နည်း၊ ဘယ်နားက ပြင်ရမည်နည်းဟု မေးသည်။ ဦးဆုံး Mindset ကိုခွဲခြားနားလည်ရန်လိုသည်။ Mindset ပြင်ပါဟု ပြောနေသူအချို့ပင် ကောင်းစွာနားမလည်နိုင်သေးကြောင်း သတိထားမိ၏။  ‘ပြင်ပါ’ ဟုဆိုသည်၏ နောက် ‘ဘယ်လိုပြင်ရင် ရတယ်’ ဟူသည့် နည်းလမ်းပေးနိုင်မှုက ပို၍အရေးကြီးသည်ဟု မြင်သည်။ Mindset ကို အဘိဓာန်တွင် “A set of attitudes or fixed ideas that somebody has and that are often difficult to change” ---- ဟု ဖော်ပြထားသည်။ မြန်မာလို အဓိပ္ပာယ်တွင် ပုံစံကျနသောအမြင်၊ ပုံသေ အတွေးအခေါ်၊ တွေးခေါ်မှု အလေ့အထဟု ဆိုသည်။ ပုံသေမြင်တတ်သောရှုထောင့်၊ ပုံသေချဉ်းကပ် တတ်သော အလေ့အကျင့်တစ်ခုလည်း ဖြစ်သည်ဟု ဖြည့်စွက်လိုသည်။

အဆိုးမြင်၊ အကောင်းမြင်
အချို့သူတို့လေ့လာလျှင် အဆိုးမြင်သူ၊ အကောင်းမြင်သူဟု လွယ်ကူစွာ ခွဲခြားနိုင် ပါလိမ့်မည်။
“အဖေမှ မကောင်းတာ၊ သူ့သားတွေ မကောင်းနိုင်ဘူး” ဟူသော မှတ်ချက်၊ ရှုမြင်ပုံကို လေ့လာလျှင် ဖခင်အပေါ်အမြင်ကိုသာ အဓိကထားကာ သားများအပေါ်လေ့လာ မှုမရှိဘဲ မှန်းဆချက်ကို အစွဲအလမ်းတစ်ခုဖြင့် တရားလွန်ပြုထားကြောင်း တွေ့ရမည်။ အဆိုးမြင်သူဟု ယေဘုယျသုံးသပ်နိုင်သည်။ ထိုသူ၏ပုံစံကျ၊ ပုံသေအတွေးအခေါ် ကြောင့်ဖြစ်သည်။ လက်တွေ့ဆန်သောလေ့လာမှုမှ ဝေးကွားနေကြောင်း တွေ့နိုင်သည်။ ယူဆချက်တစ်ခုအပေါ် တရားသေကိုင်စွဲထားသည်။

အရွယ်ရောက်၍ အလုပ်လုပ်ရန်တိုက်တွန်းသော မိဘများကို အချို့သားသမီးများက ‘ဆင်ခြေ’များပေး၍ ငြင်းဆို ရှောင်ရှားတတ်သည်ကိုလည်း တွေ့ဖူးနိုင်ကြသည်။ အပြုထက် အပျက်ဘက် အမြင်က လွှမ်းမိုးထားသောကြောင့် ဖြစ်သည်၊ ထိုလူငယ်၏ စိတ်အခံက အနုတ်ဘက်ဆောင်သည်။

တစ်ဦးတစ်ယောက် တိုးတက်သွားလျှင် အများစုက မုဒိတာ မပွားနိုင်ကြ၊

“တိုးတက်မှာပေါ့---- ဘာတွေလုပ်နေမှန်းမှ မသိတာ”

ဿာမစ္ဆရိယ အငွေ့အသက်ပါ မှတ်ချက်ဟု ဆိုနိုင်ပါလိမ့်မည်။ ထိုသူ၏ ဆန့်ကျင်ဘက်မှ ရှုတက်၊ ခံစားတတ်သောပုံစံကျအတွေးနှင့်အမြင်ကြောင့် ဖြစ်သည်။ မြန်မာအများစုသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြ၏ ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ မေတ္တာထား၊ မုဒိတာပွား၊ ဿာမစ္ဆရိယ ဖယ်ရှားရန် အခြေခံထားပါသည်။ တကယ့် လက်တွေ့ကျင့်သုံးမှုမှာ ဗုဒ္ဓ၏အဆုံးအမနှင့် အလှမ်းဝေးနေဆဲ ဖြစ်သည်။
ထိုပုံစံကျ အတွေးအမြင်ကြောင့် အကူးအပြောင်းကာလတွင်

“လူပြောင်း၊ မူပြောင်း“
“လူမပြောင်း၊ မူပြောင်း“ဟူသည့် အယူအဆအပေါ် ကြီးမားသော ဒီဘိတ် ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ ဆောင်ရွက်မှုတစ်ခုကို မမြင်ရသေးဘဲနှင့် ကြိုတင်အမြင်တစ်ရပ်အပေါ် စွဲမြဲ ရပ်တည်နေခြင်းမှာ ပုံသေအတွေးအမြင် တစ်ရပ်ကြောင့် ဖြစ်သည်။ မိမိတို့ရှု တတ်သော ရှုထောင့်အရ ပုံသေအလေ့အကျင့် ဖြစ်လာသည်။ Mindset ပြင်ပါဟု ဆိုသည်မှာ ထိုပုံသေအတွေး အမြင်ကို စွန့်စားခိုင်းခြင်းသာ ဖြစ်သည်။

အမြင်အမျိုးမျိုး
အမြင်အမျိုးမျိုးရှိသည်။ Positive View ၊ Negative View၊ Neutral View၊ Realistic View စသဖြင့် ထိုမှ အဆိုးမြင်(Pessimism ၊ အကောင်းမြင် (Optimism)စသဖြင့် အုပ်စုတွဲ ဖြစ်လာ၏၊ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို ဖြစ်သော်လည်း မြန်မာ အများစု၏ ရှုမြင်ပုံမှ အနုတ်ဘက် အယိမ်းများနေသည်ဟု မြင်သည်။ ဗုဒ္ဓ၏ မဇ္စိုမပဋိပဒါ မှာ အလယ်အလတ် (သင့်တင်မျှတ) ခြင်းဖြစ်သည်။ ဘာသာရေးရှုထောင့်၊ လောကုတ္တရာရှုထောင့်မှ အကောင်းမြင်ရန် အားပေးထားသည်။ အဆိုးမြင်မှု အပေါ်တွင်မူ လောကီ၊ လောကုတ္တရာ နှစ်ဖြာမှ အားပေးထားခြင်း မတွေ့ရ၊ လောကီသည် လောကုတ္တရာမဟုတ်သဖြင့် စီမံခန့်ခွဲရေး အမြင်နှင့် ဆိုရလျှင် ပကတိ အမြင်၊ လက်တွေ့ကျသောအမြင်ကိုတော့ ထောက်ခံလိုပါသည်၊ မည်သို့ဆိုစေ အကောင်းမြင်လွန်းခြင်း၊ အဆိုးမြင်လွန်းခြင်းမှာ အစွန်းတစ်ပါးပါး အပေါ် ရပ်တည်မိခြင်းဟုသာ ယူဆပါသည်။

ယုတ္တိဗေဒအရ တစ်ဦးတစ်ယောက်အပေါ် အကောင်းမြင်လွန်းပါလျှင် အခြား တစ်ဖက် ကို အဆိုးမြင်တတ်ပါ၏၊ စိတ်၏သဘာဝကြောင့် ဖြစ်သည်၊ ဤသို့အကောင်းမြင်လွန်း၊ အဆိုးမြင်လွန်းခြင်းသည် ယခုမှမဟုတ်၊ မိမိငယ်စဉ်ကပင် သတိထားမိခဲ့ရာ ဤ ယဉ်ကျေးမှုကို  ယခုတိုင်လက်ဆင့်ကမ်း၊ လက်ခံလာခဲ့ကြသည်ဟု မြင်သည်။ တစ်ချိန် က တစ်ဦးတစ်ယောက် အရက်သောက်ခဲ့လျှင် ထိုသူ အရက်သောက်တတ်သည့် အပေါ် အမှန်မြင်သင့်၍၊ ယနေ့ ပုတီး ကိုင်နေလျှင် ပုတီကိုင်မှုကို အမှန်မြင်သင့်သည်ဟု  ယူဆပါသည်။ တစ်ချိန်က အရက်သောက် တတ်သည်ဖြစ်၍ စိုးရိမ်မှုတစ်ခုရှိနိုင်ပါသည်။ ထို့ထက်တော့ မပိုသင့်ပေ။ ထို့ကြောင့် ဗုဒ္ဓက ပစ္စုပ္ပန်ကိုရှုခိုင်းခြင်း ဖြစ်ဟန်တူသည်။


သာမန်တို့ ပြင်ရန် Mindset ပြင်ရန် မလွယ်ကူ
မြန်မာတို့သည် နှစ်များစွာ ဧကစာရီ ကျင့်ကြံခဲ့သည်။ ပညာရေချိန် တစ်လှမ်းမကလည်း နောက်ကျခဲ့ရသူများ ဖြစ်သည်။ နိစ္စဓူဝ စားဝတ်နေရေးကို ရုန်းကန်နေရသူများလည်း ဖြစ်သဖြင့် သာမန်လူတန်းစားတို့၏ စိတ်အခံကို ပြင်ရန်မှာလွယ်ကူသည့်ကိစ္စ မဟုတ်ပါ။ “ ပြင်ရမယ်၊ ပြင်ပါလား၊ ပြင်သင့်တယ်” ဟူ၍ ပြောရုံနှင့်မပြီး။ တိုးတက်ပြီးနိုင်ငံများပင် မလွတ်ကင်းနိုင်သေးဘဲ၊ ရုန်းကန်နေရသော ဖွံ့ဖြိုးဆဲနိုင်ငံတို့အနေဖြင့် သူတို့ချစ်ခင် လေးစား၊ ကြည်ညိုကြသောRole Model (စံယူခံသူများ) အပေါ် တစ်စုံတစ်ရာမက ‘မှီ’ တက်ကြသည်ကို သတိပြုမိကြပါလိမ့်မည်။ထို ‘စံယူခံသူ’ များတွင် တာဝန်ရှိနေကြ ပါသည်။ ယနေ့အချိန်နှင့်ဆိုရလျှင် နိုင်ငံရေးရှေ့တန်း တိုက်စစ်မှူးများ ဖြစ်ကြသည်။

စံယူခံသူများကိုယ်တိုင် Mindset မှန်/ မမှန် ပြန်၍သုံးသပ်ရန်လိုသည်။ ထိုစိတ်အခံသည် သူတို့၏ မြင်သိခံယူမှုဟူသော Perception အပေါ်များစွာ အခြေခံ သည်။ အမြင်သွေလွဲမှု (Illusion) ကြီးစွာရှိနိုင်သော နိုင်ငံရေးကဏ္ဍတွင် ပို၍ အလေးထားရလိမ့်မည်ဟု မြင်သည်။ တစ်ဖက်ပေါ်တစ်ဖက် သို့မဟုတ် တစ်ဦးအပေါ် တစ်ဦး မြင်သောအမြင်က မှန်ကန်သော အမြင်မဟုတ်ခဲ့လျှင် သူ့တွင်ရှိသော Mindset ကို ပြင်၍ရမည်မဟုတ်။ ခေါင်းဆောင်တို့၏ ညွှန်ရာလမ်း၊ ခေါင်းဆောင်တို့၏ ဆိုရာ စကားပေါ် အမှီလွန်လေ့ရှိကြသော မြန်မာ့လူ့အဖွဲ့အစည်း၏ Mindset သည်လည်း ထိုခေါင်းဆောင် သို့မဟုတ် စံယူခံထားသူ၏ ချဉ်းကပ်မှုအရသာ ဖြစ်လာပါလိပ့်မည်။ ထို့ကြောင့် အားလုံး၏ Mindset ကို မှန်ကန်စွာပြင်ပေးနိုင်ရန် ဦးဆောင်ကြ သူများ၊ ရှေ့တန်းတိုက်စစ်မှူးများ၊ စံယူခံသူများ၏ Preception က များစွာ ပို၍အခြေခံ ကြနေ သည်ဟု ဆိုချင်ပါ၏။

တစ်ချိန်က ဂျာမနီ အဒေါ့(ဖ်) ဟစ်တလာ ဦးဆောင်ခဲ့စဉ်က ဟစ်တလာ၏ Preception၊ ထိုမှတစ်ဆင့် သူ၏ ပုံသေအတွေးခေါ်၏ ရောင်ပြန်ဟပ်မှုကို ဂျာမနီစစ်တပ်ရော၊ ပြည်သူများ ကပါ လိုက်ပါခဲ့ဖူးသည့် သာဓက အပြန်အလှန် မည်သို့ အကျိုးပြုခဲ့သည်က ဥပမာအဖြစ် ထင်ရှားစေပါလိမ့်မည်။ ခပ်ပြင်းပြင်းမောင်းတတ်သော ဆရာ၏ တပည့်များ စာတော်တတ်သလို၊ ခပ်လျော့လျော့ ဆရာ၏ တပည့်များ အများစု မထူးချွန်နိုင်သည် နှင့်လည်း နှိုင်းယှဉ်နိုင်ပါသေးသည်။

စုတ်ချက်ကောင်းဖို့လို
ပန်းချီဆရာ၏ စုတ်ချက်ကောင်းလျှင် ပန်းချီကောင်းဖြစ်လာပါသည်။ Aggressive ဖြစ်သော ပန်းချီဆရာအနေဖြင့် အနီရောင်များများ သုံးတတ်သည်ကို တွေ့နိုင်ပြီး၊ အေးချမ်းစိတ်ရှိသော ပန်းချီဆရာက အပြာနုများများ သုံးသွားပါလိမ့်မည်။ ထိုပန်းချီကား သည် စုတ်ချက်ပေးသော ပန်းချီဆရာ၏ ခံစားမှုအရသာ ပုံထွက်လာပါသည်။ မြန်မာတို့ အကူးအပြောင်းကာလကို ဖြတ်ကျော်လာခဲ့သည်မှာ သုံးနှစ်နီးပါးရှိလာခဲ့ပါ၏။ နိုင်ငံ တကာမိသားစုက “မြန်မာ့ပုံစံအကူးအပြောင်း” ဟုပင် ချီးကျူးထားသည်၊ တစ်သက်လုံး မရရှိခဲ့ဖူးသော World Bank ၏ သုံးသပ်ချက်ကောင်းအပြင်၊ ချေးငွေ(၂) ဘီလီယံပင် ရက်ပိုင်းအတွင်းက ရလိုက်ပါသေး၏။ ဖြည့်ဆည်းရန် လိုအပ်ချက်များ ရှိနေသေးပါ သော်လည်း ဖြတ်ကျော်ခဲ့သောအချိန်နှင့် ထွက်ပေါ်လာသော ရလဒ်တို့ အချိုးညီမှု အပေါ် ကမ္ဘာက သုံးသပ်၍ အကောင်းမြင်ခဲ့ခြင်းဖြစ်သည်ကို ငြင်းနိုင်မည်မဟုတ်။ ဆိုးတုန်းက ဆိုးခဲ့သည်ဟု အမနာပပြောခဲ့ပြီးလည်းဖြစ်သည်။

သို့သော်လည်း အချို့က ပုံသေစိတ်အခံများဖြင့် အကောင်းမမြင်နိုင်တတ်ကြသေး။ အကောင်းမြင်လွန်းပါဟု ဆိုလိုသည်မဟုတ်၊ ကောင်းလျှင် ကောင်းသလောက် ဆိုးနေ သေးလျှင် ဆိုးနေသလောက်၊ ပကတိအမြင်ကို မြင်နိုင်ရန်သာ ဖြစ်သည်။ တိုးတက်မှု များကို လျစ်လျူရှုပြီး၊ ဖြည့်ဆည်းရန် ကျန်သည့်အရာတို့အပေါ်သာ လက်ညှိုးထိုးနေ လျှင် ထိုသူကိုယ်တိုင် Mindset ပြင်နိုင်သေးသူ မဟုတ်သည်ကို ကိုယ်တိုင်သိချင်မှ သိပေလိမ့်မည်။ သေချာသည့်တစ်ခုမှာ အဆိုးမြင်တို့ ဦးဆောင်သည့် အဖွဲ့အစည်း၊ အဆိုးမြင် အားကောင်းည့် လူ့အဖွဲ့အစည်းအတွက် တိုးတက်မှုတို့နှင့် အလှမ်းဝေး နေတတ် ခြင်းဖြစ်သည်။

`အညမညပစ္စယော` ဟူသည် အပြန်အလှန်အကျိုးပြုခြင်းဖြစ်၏။ ယနေ့ခေတ်သစ်တွင် တစ်ခုနှင့်တစ်ခု အပြန်အလှန်အကျိုးပြု၊ မှီတည်နေကြခြင်းမှာ ပို၍ထင်ရှားလာသော လက္ခဏာဖြစ်၏။ နိုင်ငံရေးကို မြေပြင်နိုင်ငံရေး၊ အွန်လိုင်းနိုင်ငံရေးနှင့် မီဒီယာနိုင်ငံရေး ဟု ခွဲထုတ်လိုက်လျှင် အွန်းလိုင်းနိုင်ငံရေး၌  တိုက်ပွဲတို့ ပြင်းထန်နေ၏။ မီဒီယာ (Printing)၌လည်း အရှိန်က မြင့်တက်ဆဲ။ အထူးသဖြင့် အွန်လိုင်းနိုင်ငံ၏ နောက်ခံကို လေ့လာလျှင် သာမန် အွန်လိုင်းသုံးသူတို့ထက် ပိုလွန်ပြီးသော အမာခံတို့၏ မီဒီယာ စစ်ဆင်ရေးသဘောကို သွားတွေ့ရသည်။ အကောင့်ပုန်းတို့ကို အရေးတယူ မေ့ထား နိုင်သော်လည်း လူသိ၊ သူသိတို့၏ ရေးချက်က ‘ရဲရဲနီ’ များ ဖြစ်နေသည်။ ထိုမှတစ်ဆင့် သက်ရောက်မှုတို့က မြေပြင်နိုင်ငံရေးသို့ ကူးပြောင်းလာမှာ စိုးမိရသည်။ ရှေ့က `နီ’ ကြလျှင် နောက် ကလည်း လိုက်၍ `နီ`ကြပါလိမ့်မည်။

ရေးခွင့်ပြောခွင့် ရနေကြသူများ၏ Perception မပြောင်းနိုင်သမျှ နောက်ပါတို့၏ Mindset ကိုလည်း ပြောင်းလဲပေနိုင်မည်မဟုတ်ပါ။ အနာဂတ်၏ လားရာကို မှန်းဆမိ သည်။ အားရဖွယ်၊ အားတက်ဖွယ်ရာ ကောင်းစွာ မမြင်နိုင်သေးဟုသာ  မြင်တွေ့မိသည်။ (၁၉၈၈-၂၀၁၁) ကာလအတွင်း တစ်ဖက်သတ် ဟူသော အခြေအနေမျိုးမှာ ယခုအခါ ပြောင်းပြန်။ အတွက်အချက်မှား၍ ဖြစ်စေ၊ အယူအဆမှား၍ ဖြစ်စေ၊ တစ်ဖက်သတ်ဟူ သည့် သဘောတရားက ကောင်းသည့် အခြေအနေတစ်ရပ်ဟု ယူဆရန် ခဲယဉ်းလှပါ သည်။

အထူးသဖြင့် `ခြေ/ဥ`အပေါ် Perception များ ကွဲပြားကြသည်။ အမြင်မတူကွဲပြားမှု သည် အခြေခံအားဖြင့် လက်ခံရမည့် ကိစ္စဖြစ်၏။ သို့သော်လည်း တရားသေ ဆုပ်ကိုင်မှု မှာ “Agree to disagree“ ဟူသော တစ်ဝက်ပျက် Concept ကို ဆုပ်ကိုင်ထားခြင်း ဖြစ်ဟန်ရှိသည်။ Obama ၏ Healthcare ကြောင့် အမေရိကန်၏ သမိုင်းတွင် Government Shutdown ဟူ၍ ဖြစ်ခဲ့သည်။ ဒီမိုကရေစီ၏ ဖခင်နိုင်ငံဖြစ်၍ “Agree to disagree” သဘောအရ ဖြစ်လာသော ရလဒ်ဖြစ်သည်။ သို့သော်လည်း အမျိုးသား အကျိုးစီးပွားဟူသော National Interest ဟူသည့် သော့ဖြင့် ဖွင့်လိုက်သောအခါ ပြေလည်သွားသည်။ “Agree to disagree” မှ “Disagree to agree” ဖြစ်လာ၏။

ဒီမိုကရေစီပဲ၊ ကွဲပြားခြားနားခွင့်ရှိသည်ဟူသော “Agree to disagree” ကို နေရာတိုင်း၊ အချိန်တိုင်းမှာ တရားသေ ဆုပ်ကိုင်စေမည့် Perception နှင့် Mindset ရှိနေပါက ထိုသူကို တစ်ဝက်ပျက် Concept ရှိသူဟုသာ သတ်မှတ်ရပါလိမ့်မည်။ ရှေးလူကြီးများ ပြောခဲ့သော “Lettle Knowledge is dangerous“ ဟူသည် အန္တရာယ်များသည့် နည်းနည်းသိသူများသာ ဖြစ်ကြပါလိမ့်မည်။

အခြေအနေတစ်ခု၊ အဆင့်တစ်ခုမှာ ကွဲပြားခြားနားနိုင်ပါသည်။ သို့သော်လည်း မတူသော အခြေအနေတစ်ခု၊ မတူသော အချိန်တစ်ခုတွင် ကွဲပြားခြားနားရာမှ စုစည်း သွားရပါလိမ့်မည်။ ဤသည်ကို Disagree to agree ဟု ခေါ်ပါသည်။

အချိန်၊ အခြေအနေကို လျစ်လျူရှု၍ Agree to disagree ကို ဒီမိုကရေစီ၏အခြေခံဟု တရားသေမှတ်ယူကြသော သူတို့၏ ဦးဆောင်မှုအောက်တွင် ရှိနေကြသော သူများ၏ Mindset  မပြောင်းလဲနိုင်ခဲ့ပါလျှင် ထူးထွေသည့် အံရောသော် မရှိလှပါဟုသာ ရေးရပါ တော့မည်။

Messenger ဂျာနယ်

No comments:

Post a Comment