Wednesday, February 5, 2014

လွှတ်တော်ကိုယ်စားလှယ်ကို ဘယ်လို အရေးယူကြမလဲ

ဘုန်းအောင်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းက ဘင်္ဂါလီကျေးရွာတရွာဖြစ်တဲ့ ဒူချီးရာတန်း အနောက်ရွာမှာ ဇန်နဝါရီလ ၂၈ ရက် ညဦးပိုင်းမှာ မီးလောင်မှုတခုဖြစ်ပွားပြီး နေအိမ် ၁၆ လုံးလောက် လောင်ကျွမ်းခဲ့ ပါတယ်။ ဒုချီးရားတန်း အလယ်ရွာမှာ လူ ၄၀ လောက် သတ်ဖြတ်ခံခဲ့ရတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပျက်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ တာကြောင့် အစိုးရတာဝန်ရှိသူတွေက ဒီဖြစ်ရပ်ဟာ မဟုတ်မှန် ကြောင်း နိုင်ငံတကာ သံတမန်တွေကို ရှင်းလင်းပွဲ ကျင်းပပြီး မကြာခင်မှာ အဲဒီလို မီးလောင်မှု ဖြစ်ပွားခဲ့ တာပါ။




အဲဒီမီးလောင်မှုနဲ့ပတ်သက်ပြီး ဇန်နဝါရီ ၂၉ ရက် နံနက် ၁၁ နာရီမှာ ဒုချီးရားတန်းအနောက် ကျေးရွာ မီးလောင်ပြင်ကို မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး၊ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်း (ခ) ဂျာဟင်းဂီးရ်နဲ့ တာဝန်ရှိသူတွေ၊ ခရိုင်မြေစာရင်း ဦးစီးမှူး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဟာ တစ်အိမ်ချင်း လိုက်လံကြည့်ရှုစစ်ဆေးတဲ့ အခါမှာ မီးလောင်ကျွမ်းတဲ့ နေအိမ် တွေထဲက အဒူဘော်ရှောရဲ့ အိမ်အမှတ် ၅၆ အိမ်ခေါင်မိုးပေါ်မှာ ကောက်ရိုးထုံးတွေ ပစ်တင် ထားတာကို တွေ့ရပြီးတော့ မာမက်ဟာရှိန်းရဲ့ အိမ်အမှတ် ၅၄ နေအိမ်ထဲမှာ ထင်းတွေ စုပုံထားတာကို တွေ့ရတဲ့ အတွက် ရှို့မီးဖြစ်တယ်လို့ ယူဆရတယ် လို့ သိရပါတယ်။ သတင်းတွေမှာ ဖော်ပြထားတဲ့ ဓာတ်ပုံတွေ မှာလဲ အိမ်ခေါင်မိုးပေါ်မှာ ကောက်ရိုးထုံးတွေကို တွေ့ရပါတယ်။

အဲဒီလို ကောက်ရိုးထုံးတွေကို အိမ်ခေါင်မိုးပေါ်မှာ တင်ထားဖို့ဆိုတာ အိမ်ရှင်တွေ မသိပဲနဲ့ မဖြစ်နိုင် ပါဘူး။ မီးစတင်လောင်တဲ့အချိန်က ည ၈ နာရီ ၄၅ မိနစ် ဆိုတော့ လူတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ နေတဲ့ အချိန်လည်း မဟုတ်ပါဘူး။ နောက်နေ့မှာ အီးယူက အဖွဲ့တွေလည်း လာဖို့ရှိတယ်။ ပြီးတော့ ကိုယ်ချင်း မစာမနာ ပြောတာတော့ မဟုတ်ပါဘူး။ ဓာတ်ပုံထဲမှာ မြင်ရတဲ့ အိမ်တွေအနေအထားက မက်လောက် စရာမရှိဘူး။ ပဋိပက္ခကြောင့် မီးလောင်ဆုံးရှုံးသွားတဲ့ ဒုက္ခသည်တွေကို အစိုးရက ပြန်ဆောက်ပေးတဲ့ အိမ်တွေက အခု မီးရှို့ဖို့ ပြင်ထားတဲ့ အိမ်တွေထက် အများကြီးပိုကောင်း ပါတယ်။ ဒီတော့ ဘယ်လိုပဲဖြစ် ဖြစ်၊ မီးရှို့တဲ့သူဟာ အပြင်လူမဖြစ်နိုင်ပါဘူး။ အိမ်ရှင်တွေ ကိုယ်တိုင် (သို့မဟုတ်) အိမ်ရှင်တွေရဲ့ သဘော တူညီချက်နဲ့ ရှို့တာဖြစ်ဖို့ သေချာသလောက်ရှိပါတယ်။

ဒါပေမယ်လို့ အဲဒီမီးလောင်မှုနဲ့ ပတ်သက်ပြီးတော့ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအဒူရော်ဇက်ကို ဇန်န၀ါရီလ ၂၉ ရက်နေ့မှာ DVB သတင်းဌာနက မေးမြန်းတဲ့အခါမှာ ဦးအဒူရော်ဇက် က "ရဲက ထိန်းချုပ်ထားလို့ အပြင်လူဝင်နိုင်စရာ အကြောင်းမရှိဘူး။ အပြင်လူဝင်ပြီးမှ မီးရှို့တယ် ဆိုရင် လည်း ဒါကို ရဲက မိမှာပဲ။ ဒါ တစ်ချက်။ နောက်တစ်ချက်က အဲဒီအနီးပတ်ဝန်းကျင်က ရွာတွေက လူတွေ က ကျွန်တော့်ကို တယ်လီဖုန်းနဲ့ သေချာခိုင်မာစွာ သတင်းပို့တာကတော့ အဲဒီ ရဲတွေ ကိုယ်တိုင်ပဲ မီးရှို့ ခဲ့တာ သူတို့မြင်တယ်" လို့ ပြောကြားခဲ့ပါတယ်။

ဦးအဒူရော်ဇက်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကနေပြီးတော့ ဘူးသီးတောင် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့တဲ့သူဖြစ်ပါတယ်။ သူ့ကို ရွေးကောက်ပွဲစည်းမျဉ်း စည်းကမ်း တွေနဲ့ ညီညွတ်ခြင်းမရှိတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းပေးဖို့ ပြည်သူတွေက လက်မှတ် ထိုးတောင်းဆိုခဲ့ပေမယ့် လွှတ်တော်ကိုယ်စားလှယ် များကို တာဝန်က ပြန်လည်ရုပ်သိမ်းတဲ့ ဥပဒေကို လွှတ်တော်ကဆိုင်းငံ့ထားတဲ့ အတွက် အရေးယူနိုင်ခြင်းမရှိသေးဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားခဲ့တဲ့သူ(၃)ဦးမှာ ပါဝင်တဲ့သူဖြစ်ပါတယ်။

ဒူချီရာတန်း အနောက်ရွာမီးလောင်မှုနဲ့ ပတ်သက်ပြီးတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ယောက် ဖြစ်တဲ့ ဦးအဒူရော်ဇက်ရဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မီးရှို့တယ်၊ ဒါမှမဟုတ် မီးရှို့တာကို အားပေး အားမြှောက် လုပ်တယ်ဆိုတဲ့ မီဒီယာကို ပြောကြားချက်ဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အသရေဖျက်တာ ဖြစ်သလို လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖြစ်အောင် လှုံ့ဆော်ရာရောက်ပါတယ်။ မြန်မာနိုင်ငံရဲ့ မဏ္ဍိုင်ကြီး တစ်ရပ်ထဲမှာ မိန့်မိန့်ကြီးထိုင်ပြီး ဒီနိုင်ငံကို ပြန်ပြီးတော့ သိက္ခာချနေတာ၊ သတင်းအမှားတွေ ဖြန့်ချိနေ တာဟာ လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းကျိန်ထားတာကို ဖောက်ဖျက်ရာရောက်ရှိနေပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ဆိုတဲ့ အခွင့်အရေးကို ရည်ရွယ်ချက်ရှိရှိ အသုံးချနေတာ ဖြစ်တဲ့ အတွက် အခွင့်အာဏာကို အလွဲသုံးတယ်လို့တောင် ဆိုနိုင်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (သို့မ ဟုတ်) ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ဦးအဒူရော်ဇက်ကို တရားစွဲဆိုသင့်ပါတယ်။ ဦးအဒူရော်ဇက်ဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့အတွက် လွှတ်တော် ဥပဒေအရလည်း ဦးအဒူ ရော်ဇက်ကို အရေးယူပေးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌကို တောင်းဆိုလိုပါတယ်။

ထိုနည်းတူစွာပဲ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အနေနဲ့လည်း ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်က ဒီလိုပြုမူဆောင်ရွက်နေခြင်းဟာ ပါတီမူဝါဒ၊ ပါတီစည်းမျဉ်းစည်းကမ်း နဲ့ အရေးယူဖို့ တစ်စုံတစ်ရာ စီစဉ်ထားခြင်း မရှိဘူးလား ဆိုတာကို မေးစရာ ဖြစ်လာနေပါတယ်။ နိုင်ငံ တကာ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာသတင်း ဌာနတွေကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားတဲ့ စကားဟာ ဘယ်လောက်အတိုင်းအတာအထိ သက်ရောက်မှု ရှိနိုင်သလဲ ဆိုတာကိုလည်း အလေးထား စဉ်းစားကြဖို့ လိုနေပါပြီ။ ဒီကိစ္စဟာ နိုင်ငံနဲ့ချီတဲ့ ပဋိပက္ခတွေကို ဖြစ်ပေါ်စေနိုင်တဲ့အထိ အန္တရာယ်ကြီးပါ တယ်။ ဒီကိစ္စကို ပြည်သူတွေ အကြားမှာလည်း တအုံနွေးနွေးဖြစ်နေတာ ကြာပါပြီ။ အာဏာရပါတီကြီးတစ် ခုအနေနဲ့ ဆက်လက်ပြီး မသိကျိုးကျွံပြုနေဦးမယ် ဆိုရင်တော့ ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်ပါ တယ်။

တစ်ဆက်တည်းမှာ တင်ပြချင်တာကတော့ လွှတ်တော်က ဆိုင်းငံ့ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များ ကို တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ Right to Recall ဥပဒေကြမ်းပါပဲ။ ဒီကနေ့ လွှတ်တော်က ဥပဒေသစ်တွေ၊ အဟောင်းပြင်တာတွေ လုပ်နေပါတယ်။ လွှတ်တော်ဆိုင်ရာ အခွင့်အရေးတွေ တိုးချဲ့တဲ့ ဥပဒေတွေကို ပြင်ဆင်နေတာတွေလည်း အများစုဖြစ်တာကို တွေ့ရပါတယ်။ Right to Recall ဥပဒေကြမ်း ကို မခိုင်လုံတဲ့အကြောင်းပြ ချက်တွေနဲ့ ရွှေ့ဆိုင်းထားခြင်းဟာ ပြည်သူတွေကို အခြေခံဥပဒေက ပေးအပ် ထားတဲ့ အခွင့်အရေးကို ပိတ်ပင်လိုက်တဲ့ သဘောသက်ရောက်နေပါတယ်။

ဒီဖြစ်စဉ်ဟာ အနီးစပ်ဆုံး သာဓကပြရမယ် ဆိုရင် ထိုင်းနိုင်ငံက ယင်လတ် အစိုးရရဲ့ ဖြစ်စဉ် ရှိနေပါတယ်။ ယင်လတ် အစိုးရ၊ တစ်နည်းအားဖြင့် ပူအာထိုင်းပါတီအစိုးရဟာ ပါလီမန်မှာ အများစုရယူထားပြီး အစိုးရ ဖွဲ့ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းမှာတော့ “သက်ဆင်အတွေး၊ ပူအာထိုင်း ပုံဖော်သည်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ရွေးကောက်ပွဲ မှာ အနိုင်ရရှိ လာခဲ့တဲ့ ယင်လတ်အစိုးရဟာ အေးအေး ချမ်းချမ်းပဲ နိုင်ငံကို အုပ်ချုပ် အစိုးရလုပ်ခဲ့ပါတယ်။ ဒီကြားထဲမှာ သက်ဆင်နဲ့ အဆက်အသွယ် လုပ် တာတွေ၊ သက်ဆင်က ညွှန်ကြားနေတယ် ဆိုတာတွေကို အတိုက်အခံတွေက သတင်းအစအနေတွေ ရှာပြီး ဝေဖန်တိုက်ခိုက် ခဲ့ပေမယ့်လည်း သိပ်တော့ မထိရောက်ခဲ့ပါဘူး။ ဒါပေမယ့် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းကို လွှတ်တော်မှာ တင်လာတဲ့အချိန်မှာတော့ ပြဿနာတက်လာပါပြီ။ အခု လမ်းပေါ်ထွက်နေ တဲ့ အတိုက်အခံခေါင်းဆောင် ဆူထစ် အနေနဲ့ ဒီဥပဒေကြမ်း အတည်ပြုဖို့ ကြိုးပမ်းဆောင်ရွက်တာကို အကြောင်းပြုပြီး ယင်လတ်အစိုးရ ပြုတ်ကျတဲ့အထိ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယင်လတ်အစိုးရကိုလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို အဂတိလိုက်စားမှုနဲ့ စွဲချက်တင်ထားတာ ဖြစ်ပါတယ်။

ဆူထစ်ရဲ့ အဆိုကတော့ ယင်လတ်အစိုးရဟာ ပါလီမန်အတွင်း အမတ်နေရာ အများစု ရရှိထားတာ ကို အခွင့်ကောင်းယူပြီး သက်ဆင်ကို ပြည်တော်ပြန်လာနိုင်စေမယ့် ဒီဥပဒေကြမ်းကို ပြဌာန်းဖို့ ဆောင်ရွက် ခဲ့ခြင်းဟာ လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး နိုင်ငံရေးအရ အကျင့်သိက္ခာပျက်ယွင်းခြင်းသာ ဖြစ်တယ် ဆိုတာပဲ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အများစု ထောက်ခံမှုရရှိထားတာကို အကျိုးစီးပွား အတွက် အသုံးချခဲ့ခြင်းဟာ နိုင်ငံရေးအရ အဂတိလိုက်စားမှုဖြစ်တယ် ဆိုတာကို ထိုင်းနိုင်ငံရဲ့ ပညာတတ် တွေ၊ လူချမ်းသာတွေက အပြည့်အ၀ ထောက်ခံခဲ့ကြပါတယ်။ ဒီအမှုဟာ ကော်မရှင်မှာ စစ်ဆေးဆဲ အမှုပဲ ဖြစ်ပါတယ်။ ယင်လတ်အစိုးရဟာ ပြည်သူက ရွေးထားတဲ့ သူတွေ ဖြစ်သလို ပူအာထိုင်းအမတ်တွေက လည်း ပြည်သူက ရွေးချယ်ထားတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လွှတ်တော်ကို အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့် ဟာ ကိုယ်ကျိုးစီးပွား အတွက် မဖြစ်ရပါဘူး။ အကျိုးစီးပွားကာကွယ်ရေးအတွက် မဖြစ်သင့်ပါဘူး။

ဒီဥပမာအတိုင်း နှိုင်းယှဉ်ကြည့်ရင် လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ လွှတ်တော်အခွင့်အရေး၊ လွှတ်တော်အကျိုးစီးပွားအတွက် ပြဌာန်းသင့်တဲ့ ဥပဒေတွေကို ရည်ရွယ်ချက်ရှိရှိ ပြဌာန်းခြင်း မပြုရင်၊ ဥပဒေတွေ ပြဌာန်းတဲ့နေရာမှာ အကျိုးစီးပွားမျှော်ရည်ပြီး အခွင့်အာဏာကို အသုံးပြုပြီး ရည်ရွယ်ချက်ရှိရှိ ပြဌာန်းရင် နိုင်ငံရေးအရ အဂတိလိုက်စားမှု မြောက်နိုင်တယ် ဆိုတာကို တွေ့ရှိနိုင်ပါတယ်။

လက်ရှိ လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေခြင်းကြောင့် အများစုက သနားကရုဏာနဲ့ တော်ရုံ တန်ရုံ ဝေဖန်ပြောကြားခြင်း မပြုကြပေမယ့်လည်း တဖြည်းဖြည်းနဲ့တော့ သိလာမြင်လာနေကြပြီ ဖြစ်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် Right to Recall (၁%) ကို (၂၀%) ဖြစ်သင့်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဟာ အခြေခံဥပဒေပါ ပြဌာန်းချက်ကို ဆန့်ကျင်နိုင်တဲ့သဘောကို ရောက်ရှိနေ တာကိုလည်း သတိပြုကြစေလိုပါတယ်။ အခု နောက်ဆုံး သူရဦးအောင်ကို ကိုယ်တိုင်က အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ “သမိုင်းကပြင်လိမ့်မယ်။ လူထုကပြင်မှပဲရမယ်” ဆိုတဲ့ စကား ပြောကြား လိုက်ခြင်းဟာ မြန်မာနိုင်ငံကို ထိုင်းလမ်းကြောင်း လျှောက်စေချင်တာလား စဉ်းစားစရာ ဖြစ်နေပါတယ်။ လွှတ်တော်အထက်မှာ မိုးကောင်းကင်ကြီးပဲ ရှိပါတော့တယ် ဆိုပြီး ကြွေးကြော်ခဲ့သူ ဖြစ်လေတော့ ပြည်သူလူထုနဲ့ နိုင်ငံ နစ်နာမှာ တွေကို သတိလက်လွှတ်ဖြစ်သွားတာ ဖြစ်နိုင်တယ် လို့ပဲ ယူဆမိပါတယ်။ ဒီကြားထဲမှာ မြန်မာနိုင်ငံကို နှစ် ပေါင်းတစ်ရာကျော် ကျွန်ပြုအုပ်ချုပ်ခဲ့တဲ့ ဗြိတိန်နိုင်ငံရဲ့ နိုင်ငံခြားရေး ၀န်ကြီးက ပုဒ်မအတိအကျနဲ့ ပြင်ဆင်ပေးဖို့ ဖိအားပေးလာတာဟာလည်း စိတ်ပျက်ဖွယ်ရာ ဖြစ်နေပါတယ်။

ဗြိတိန်နိုင်ငံမှာ မြန်မာနိုင်ငံသားတစ်ယောက် သွားပြီး ၀န်ကြီးချုပ်လုပ်ရင် သူတို့လက်ခံနိုင်မှာလား။ ယနေ့ အထိ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်တွေဟာ ဘယ်သူ့လက်ချက်လဲ။ ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူ သတ်သလဲ ဆိုတဲ့ ဘီဘီစီရုပ်သံအစီအစဉ်မှာ တရားခံက ဘယ်သူ ဆိုပြီး ဖော်ထုတ်ထားပါသလဲ။ ၁၉၃၆ ခုနှစ် ဗြိတိန်နိုင်ငံမှာ အဌမမြောက် အက်ဒွက်ဘုရင်ဟာ ဗြိတိန်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကြောင့် ထီး နန်းကို စွန့်လွှတ်ခဲ့ရပါတယ်။ အမေရိကန်နိုင်ငံသူ တစ်ခုလပ် မစ္စစ်အားနပ်ဆင်မဆင်ကို လက်ထပ်ဖို့ စီစဉ် တဲ့အခါမှာ မိဖုရား တင်မြှောက်ဖို့ ဥပဒေအရ ခွင့်မပြုခဲ့တဲ့အတွက် အချစ်စစ်အချစ်မှန်ကို သက်သေပြတဲ့ အနေနဲ့ ထီးနန်းကို စွန့်လွှတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဥပဒေအရ အက်ဒွက်ဘုရင်ဟာ တစ်ခုလပ်နိုင်ငံခြားသူ ကို လက်ဆက်ချင်ရင် မိဖုရားအနေနဲ့ မမြှောက်ဘဲ သာမန်အကြင်လင်မယား အသွင်နဲ့ ယူသင့်တယ် ဆိုပြီး ဗြိတိန်ဥပဒေပညာရှင်တွေက အကြံပေးခဲ့ပေ မယ့်လည်း ထီးနန်းစွန့်တဲ့ နည်းလမ်းကိုသာ ရွေးချယ်ခဲ့တဲ့ အတွက် ကမ္ဘာကျော်ချစ်ပုံပြင်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဗြိတိန်နိုင်ငံမှာလည်း သူ့နိုင်ငံအနေအထားနဲ့ သူ့ စည်းမျဉ်း သူ့ဥပဒေနဲ့ ရှိနေတာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရယ်လို့ သတ်သတ်မှတ်မှတ် မရှိတဲ့ နိုင်ငံက ဖွဲ့စည်းပုံအခြေခံဥပဒေ ခိုင်ခိုင်မာမာ ရှိနေတဲ့ နိုင်ငံကို ဒီလိုပြောလာတာဟာလည်း ခံပြင်းစရာပါ။

သဘောထားအမြင်ကတော့ အမျိုးမျိုး ရှိနိုင်ပါလိမ့်မယ်။ လွတ်လပ်စွာ သဘောကွဲလွဲခွင့် ရှိတဲ့ အတိုင်း မိမိအမြင်ကို ပွင့်ပွင့်လင်းလင်း တင်ပြရခြင်းသာ ဖြစ်ပါတယ်။ ဒီကိစ္စတွေဟာ အများစု စိတ်ထဲမှာ ရှိနေကြပေမယ့်လည်း အကြောင်းကြောင်းကြောင့် ထုတ်ဖော်ပြောကြားလိုခြင်း မရှိတဲ့ ကိစ္စတွေလည်း ဖြစ် ပါတယ်။ ကျွန်တော်ကတော့ နိုင်ငံအကျိုး၊ ပြည်သူအကျိုးအတွက် ပြောသင့်ပြောထိုက်တယ် လို့ ခံယူထား တဲ့အတွက်လည်း ခုလို ရေးသား ဖော်ပြလိုက်ရခြင်းပဲ ဖြစ်ပါတယ်။

The Messenger ဂျာနယ်

No comments:

Post a Comment